မင်္ဂလာပါ... လာလည်တဲ့အတွက် ကျေးဇူးပါ..

Wednesday, March 21, 2012

ကျန်းမာရေးအတွက်သွယ်လျလျ


ဒီပို့စ်လေးကိုသိပ်သဘောကျပြီးကျန်းမာရေးအတွက်အသုံးဝင်လို့ပြန်ရှယ်လိုက်ပါတယ်


လူတိုင်းဟာ ကျန်းမာကြံ့ခိုင်ပြီး အချိုးအစားကျနတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ တကယ်လို့ သင်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက် များနေပြီဆိုရင် အလှအပအတွက်ရော၊ ကျန်းမာရေးအရပါ ၀ိတ် လျော့ဖို့ လိုနေပါပြီ။ ကျန်းမာရေး သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်မှာ ပိန်တဲ့သူတွေထက် ၀တဲ့လူတွေဟာ ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပြီး ၀သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ အမျိုးအစားဟာလည်း ပိုမိုများပြားတာကို တွေ့ရတာကြောင့် ကျန်းမာရေးအတွက် ၀ခြင်းဟာ လုံးဝကိုမကောင်းဘူးလို့ ဆိုပါတယ်.. ဒါပေမဲ့ အလွန်အကျွံ ပိန်တာမျိုးကျတော့လည်း မဖြစ်သင့်ပါဘူးနော်.. ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ် အချိုးအစားကို စနစ်တကျ ထိန်းသိမ်းတာဟာ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို လှချင်သူများအတွက်လည်း အ၀မတိုးစေဘဲ မိမိနှစ်သက်ရာ အ၀တ်အစားကို လှလှပပလေး ၀တ်ဆင်လို့ ရပါတယ်။

လူတစ်ယောက်ဟာ ၀လာပြီဆိုရင် အ၀တ်အစား ရွေးရခက်လာသလို ရှိပြီးသားအ၀တ်တွေလဲ မတော်တော့တာမျိုး၊ လက်ရှိခေတ်ဒီဇိုင်းနဲ့လည်း လိုက်ဖက်မှု မရှိတော့တာမျိုး ဖြစ်လာနိုင်ပါတယ်.. ခန္ဓာကိုယ်နဲ့ Fit ဖြစ်တဲ့ အ၀တ်အစားတွေဟာ ၀တဲ့သူနဲ့ ဘယ်လိုမှ ကြည့်မကောင်းတတ်ပါဘူး.. ဗိုက်ခေါက်က အဆီပြင်ကြီးကြောင့် ကြည့်ရခက်သလို ကြီးမားတုတ်ခိုင်တဲ့ လက်မောင်းတွေ၊ ခြေထောက်တွေကြောင့်လည်း အလှပျက်စေနိုင်ပါတယ်.. လှချင်လို့ တန်ဖိုးကြီးပေးဝယ်ထားပြီး ၀တ်ကာမှ အ၀တ်ကြောင့် အလှပျက်ရတာမျိုး ဖြစ်နိုင်ပါတယ်.. ဒီတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တာမို့ လူတိုင်း မိမိရဲ့ ကိုယ်အလေးချိန် အချိုးအစားကို ထိန်းသိမ်းသင့်ကြပါတယ်နော်။

လူတစ်ယောက်မှာ စပြီးဝလာပြီးဆိုရင် ဗိုက်ခေါက်က အရင်ဆုံး ထွက်လာပါတယ်. မိမိဝမ်းဗိုက်ကို ဆွဲကြည့်ပါ။ အဆီပြင်က ထူနေပြီဆိုရင် သင် ၀နေပါပြီ။ သို့မဟုတ် ၀စပြုနေပါပြီ။ မိမိကိုယ်ကို ၀နေတယ်လို့ မသိသာ မထင်ရှားဘူးဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်နဲ့ တွက်ချက်ကြည့်ရင် ၀တယ် မ၀ဘူးဆိုတာ ဆုံးဖြတ်လို့ ရတဲ့နည်းလမ်း ရှိပါတယ်. ထိုနည်းကိုတော့ B.M.I (Body Mass Index) လို့ခေါ်ပါတယ်.. တွက်ရမဲ့ ပုံသေနည်းက BMI = [weight / (height x height)] ဖြစ်ပါတယ်.. ဒါက ကိုယ်အလေးချိန်ကို ကီလိုဂရမ်နဲ့ အရပ်အမြင့်ကို မီတာဖြင့် တိုင်းတာသူများ တွက်တဲ့နည်းပါ။ ကျွန်မတို့ မြန်မာတွေက ကိုယ်အလေးချိန်ကို အများအားဖြင့် ပေါင်ချိန်နဲ့ အရပ်ကိုတော့ ပေ၊ လက်မ တို့ဖြင့် တိုင်းကြတာ များပါတယ်.. အလေးချိန်ကို ပေါင်နဲ့တိုင်းပြီး အရပ်အမြင့်ကို လက်မဖြင့် တိုင်းသူများကျတော့ BMI = [weight / (height x height)] x 703 ဆိုတဲ့ ပုံသေနည်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။

ဥပမာ လူတစ်ယောက်ဟာ အရပ် ၅ပေ ၂လက်မ ရှိပြီး ပေါင်ချိန် ၁၄၀ ရှိနေသူ ဖြစ်ခဲ့ရင် သူရဲ့ BMI ကို တွက်ချက်ကြည့်တဲ့အခါ BMI = [၁၄၀ပေါင် / (၆၂ လက်မ x ၆၂လက်မ)] x ၇၀၃ လို့ တွက်ရမှာ ဖြစ်တာကြောင့် အဖြေက ၂၅.၆၀ ရပါတယ်.. ၂၅ထက် ကျော်နေပြီဆိုရင်တော့ သင့်အရပ်နဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ကျော်နေပြီ လို့ တွက်ဆလို့ ရပါတယ်.. ၁၉ကနေ ၂၅အောက်ရှိသူဟာ ပုံမှန်အလေးချိန်လို့ တွက်ဆရပြီး ၂၅ကနေ ၂၉.၉ အတွင်းကိုတော့ ၀နေသူလို့ သတ်မှတ်ပါတယ်.. ၃၀ထက်ကျော်နေရင်တော့ တော်တော်လေးကို ၀နေပါပြီ။ BMI ရလာဒ်များလေ ရောဂါ၊ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ ပိုများလေလို့ ဆိုပါတယ်.. အ၀လွန်သူများမှာ သွေးတိုး၊ ဆီးချို၊ နှလုံး လေးဘက်နာ၊ သွေးကြောပိတ်၊ အသည်းအဆီဖုံး ၊ ကင်ဆာ စတဲ့ နာတာရှည်ရောဂါများ ဖြစ်ဖို့ ဖြစ်နိုင်ခြေ အလွန်များပါတယ်… BMI ကို (ဒီနေရာမှာ ) အလွယ်တကူ တွက်ချက်ကြည့်လို့ရပါတယ်..

ဗိုက်ခေါက်က အဆီပြင် မရှိမှ သွယ်လျကြော့ရှင်းတဲ့ ခန္ဓာကိုယ်ဖြစ်ပါလိမ့်မယ်..အဆီမရှိ ပြားချပ်တဲ့ ၀မ်းဗိုက်ကလေး ရဖို့နဲ့၊ မ၀အောင် ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းသိမ်းကြမလဲ.. နည်းလမ်းတွေတော့ ရှိပါတယ်.. လုပ်ဖြစ်ဖို့သာ လိုတာပါ။ အလုပ်တစ်ခုဟာ မလုပ်ခင်မှာ စပြီးလုပ်ဖို့ ခက်ခဲတတ်ပေမဲ့ တကယ်တမ်း စိတ်ကို ဆုံးဖြတ်ပြီး လုပ်တဲ့အခါ လွယ်ကူသွားတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒ ရှိဖို့နဲ့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ထိန်းသိမ်းဖို့ လိုပါတယ်.. ကိုယ်အလေးချိန် လျှော့တော့မယ်ဆိုရင် မရှိမဖြစ် ပစ္စည်းတစ်ခုက ပေါင်ချိန်စက် ဖြစ်ပါတယ်.. သို့မှသာ မိမိတိုးတက်မှုကို ကိုယ်တိုင်မြင်တွေ့ရပြီး အစားလျော့တာ၊ လေ့ကျင့်ခန်းလုပ်တာ ထိရောက်မှု ရှိမရှိ အခြေအနေကို မျက်ခြေမပြတ် သိရှိနိုင်မှာ ဖြစ်ပါတယ်.. ပြီးတော့လဲ ကိုယ်အလေးချိန် လျှော့တဲ့နေရာမှာ စစချင်း အလေးချိန်ထက် တဖြေးဖြေး လျော့နည်းလာတဲ့ မိမိရဲ့ ကိုယ်အလေးချိန်ကို သိနေ မြင်တွေ့နေမှသာ ဆက်ပြီးလုပ်ဖို့ အားကြိုးမာန်တက် စိတ်ပါမှာဖြစ်ပါတယ်.. ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းဖို့ နည်းလမ်းအချို့ကို ဖော်ပြရမယ်ဆိုရင်

၁. လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း( Jogging) ကို တစ်ပတ်လျှင် ၃ကြိမ် တစ်ကြိမ်လျှင် မိနစ် ၃၀ အနည်းဆုံး ပြုလုပ်ပေးပါ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သင့် ခန္ဓာကိုယ်တွင်းရှိ အဆီများကို ချေဖျက်ပေး နိုင်ပါတယ်။ နေ့စဉ် လမ်းလျှောက်နိုင်လျှင် ပိုကောင်းပါတယ်။ ပုံမှန်အလုပ်သွား၊ အလုပ်ပြန် မြန်မြန် လမ်းလျောက်ပါ။ အထပ်မြင့် ရုံးသမားများ ဓာတ်လှေခါး သုံးခြင်းထက် ရိုးရိုးလှေခါးမှ တက်ခြင်း သည်လည်း လေ့ကျင့်ခန်းလုပ်ခြင်း ဖြစ်ပါတယ်။



၂. မနက်ခင်းတိုင်း အယ်လ်မွန်စေ့ လက်တစ်ဆုပ် ( ၆ စေ့ခန့်) ကို စားသုံးပေးပါ။ အယ်လ်မွန်စေ့ဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော အစေ့ အဆံ တစ်မျိုးဖြစ်ပါတယ်.. ၄င်းမှာ ပါဝင်တဲ့ ပရိုတိန်းဟာ အဆီများကို ချေဖျက်ရာမှာ ကောင်းမွန်စေပါတယ်..မြန်မာပြည်တွင် အယ်လ်မွန်စေ့ ရရန် ခက်ခဲပါက နေကြာစေ့ ဆားမပါပဲ လှော်တာ စားနိုင်ပါတယ်လို့ ဆိုပါတယ်...



၃. ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံး ၃ကြိမ်ခန့် လုပ်နိုင်အောင် ကြိုးစားပါ။ မိမိဖာသာ မလုပ်တတ်ပါက လေ့ကျင့်ခန်း သရုပ်ပြ ဗီစီဒီခွေများ ၀ယ်ကာ အိမ်တွင် လုပ်ကြည့်ပါ။ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ရှားစေသော အလုပ်များကို များများ လုပ်ကိုင် ပေးပါ။ ဥပမာ (တံမြက်စည်းလှည်း၊ ကြမ်းတိုက်)


၎. အမျှင်ဓာတ်ပါသော အစားအစာ များများစားပါ။ ပေါင်မုန့်အဖြူ၊ ဂျုံနှင့်လုပ်သော ခေါက်ဆွဲ၊ အာလူး၊ ဆန်ဖြူတို့ကို များများစားခြင်းကို ဆင်ခြင်ပါ။ ဆန်ကြမ်း၊ ပေါင်မုန့်ကြမ်း၊ သစ်သီး၊ စိမ်းစိုသော အရွက်များနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို များများစားပါ။ မနက်စာကို များများ စားနိုင်ပါသည်။ သွေးတိုးသမားများ အုန်းနို့ကို ဆင်ခြင်ပါ။ နေ့လည်စာတွင် အဆီကိုလျော့စားပါ။ ဆီပြန်ဟင်းကို တစ်ပတ်လျင် ၃ကြိမ်သာ အများဆုံးသာ စားပါ။ ဟင်း၃ခွက်တွင် ၁ခွက်ကိုဆီမပါ အချိုမှုန့်မပါစေရန် ချက်ပါ။ ဆန်ကို အလျားရှည်သော (ဆန်ကြမ်း)စားပါ။ လက်ဖက်ရည် (ရေနွေးကြမ်းသောက်ပါ)။ နေ့လည်နှင့် ညနေစာကြား ရုံးပြန်ချိန်များတွင် ဝက်သားဒုတ်ထိုး၊ ကြာဆံကြော်၊ ကော်ပြန့်စိမ်း၊ ခေါက်ဆွဲကြော်၊ ဆီများသည့်အကြော်များ မကြာခဏ စားမည့်အစား ဆီနည်းသည့် အသုပ်များကို စားပါ။ လက်ဖက်သုပ်ကို အမြဲစားခြင်း၊ ဘီယာ အမြဲသောက်ခြင်းသည် ကျန်းမာရေးနှင့် မသင့်တော်ပါ။


၅. ရိုးရိုး နွားနို့အစား အဆီထုတ်ထားသော နို့ကို သောက်သုံးပါ။ အဆီပါသောငါးကို တစ်ပတ်လျှင်တစ်ကြိမ်မျှ စားသုံးရန်နှင့် အချိုများသော အစားအစာနှင့် အဆီများသော (ဝက်ခေါက်ကြော်၊ အာလူးကြော်) စသော အစားအစာများ လျော့စားပါ။ ညစာကို အကင်များ၊ အကြော်အလှော်ဆိုင်များတွင် စားခြင်းထက် မိမိအိမ်တွင်သာ ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းလျာများကို ချက်ပြုတ် စားသောက်ပါ။ ညစာကို အသား၊ ပဲ၊ အာလူး အနည်းငယ်ကို စားနိုင်ပါတယ်.. ထမင်းကို ၀အောင် စားခြင်းထက် ထမင်းစားပြီးပါက သီးနံများဖြင့် အချိုတည်း၍ ဗိုက်ပြည့်စေခြင်းက ပို၍ ကောင်းမွန်စေပါတယ်။ ထန်းလျက်၊ ကြံသကာ အချိုတည်းနိုင်သော်လည်း မလိုင်၊ ကိတ်မုန့်၊ ခရင်မ် စသည့် ဆိမ့်ပြီး အဆီများသော အရာများဖြင့် အချိုမတည်းသင့်ပါ။ ညစာစားပြီး အရက်သောက်ခြင်း မပြုသင့်ပါ။

၆. ၀မ်းဗိုက်မှ အဆီပြင်များ လျော့ပါးစေရန် အိပ် ထ မ တင် လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ကြိုးစားလုပ်ပါ။

၇.ရေများများ သောက်ပါ။ တစ်ရက်လျှင် ရေဖန်ခွက် ၆ခွက်မှ ၈ခွက်ထိ သောက်ပါ။ ရေများများသောက်ခြင်းသည် အစားများများစားခြင်းကို ကာကွယ်ပေးနိုင်သလို အစာချေခြင်းကိုလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။




၈.ညအိပ်ရာဝင်ချိန် မတိုင်မှီ ၃နာရီအတွင်း အစားစား ခြင်းကို ရှောင်ကျဉ်ပါ။ မနေနိုင်လောက်အောင် ဆာလောင်ပါက ဟင်းသီးဟင်းရွက် အနည်းငယ်၊ သစ်သီး အနည်းငယ်ကိုသာ စားသောက်ပါ။ ညစာလျော့စားခြင်းသည် ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းခြင်းအတွက် ကြီးမားသော အကျိုးကို ဖြစ်စေနိုင်ပါတယ်။ ညဉ့်နက်အောင် နေတတ်သူများ မအိပ်ခင် ဗိုက်ဆာတတ်လျှင် နွားနို့၊ ကွေကာအုပ်၊ သောက်နိုင်ပါတယ်။

၉.အလွန်ဆာသော အခါမှ တစ်ဝတစ်ပြဲ စားခြင်းထက် တစ်ခါစားလျှင် နည်းနည်းစီ အကြိမ်များများ စားသောအကျင့်ကို မွေးမြူပါ။ တစ်ကြိမ်တည်း အစားများများ စားခြင်းသည် အစာချေဖျက်ခြင်းကို ခက်ခဲစေနိုင်ပါတယ်။

၁၀.အစာစားနေစဉ် ခဏနား၍ အချိန်အနည်းငယ်ကြာမှာ ပြန် စားသောက်ခြင်းသည် အစားကို များများ စားမိစေခြင်းမှ ရှောင်ရှားရာ ရောက်သည်။ သင်၏ စားသောက်ခြင်းအလေ့အထကို ထိန်းသိမ်းခြင်းသည် သင်၏ ကိုယ်ခန္ဓာကို ဂရုစိုက် စောင့်ရှောက်ခြင်း ဖြစ်သလို ကျန်းမာရေးကို ဂရုစိုက်ခြင်းလည်း ဖြစ်ပါတယ်။




အထက်ပါအချက်တွေကို လုပ်ဆောင်ရာမှာ ပထမဦးဆုံးအနေနဲ့တော့ အခက်အခဲ တွေ့ကောင်းတွေ့နိုင်ပါလိမ့်မယ်.. သို့သော်လည်း ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသော ဆိုရိုးစကားနဲ့အညီ အစလုပ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ အစပိုင်းမှာ နာကျင်ပင်ပန်းမယ်.. ခက်ခဲမယ် သို့သော် ဇွဲမလျော့ဖို့ လိုပါတယ်.. လေ့ကျင့်ခန်းလုပ်ရာမှာလည်း တစ်ရက်ကို အကြိမ်အရေအတွက် နည်းနည်းနဲ့ စတင်ကြည့်ပါ။ လုပ်နိုင်လာပြီဆိုမှ အကြိမ်ရေ ထပ်တိုးပြီး လုပ်သွားပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းဖို့နဲ့ ၀ိတ်လျော့ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်.. အစား အသောက်လျော့ပေမဲ့ လေ့ကျင့်ခန်းနဲ့ တွဲမလုပ်ရင် ၀ိတ်ချတာ ကြာပါတယ်.. လေ့ကျင့်ခန်းဟာ အမြန်ဆုံး ၀ိတ်လျှော့စေတဲ့ နည်းဖြစ်ပါတယ်. အဆီပိုမရှိတဲ့ ၀မ်းဗိုက်ချပ်ချပ် ခါးသွယ်သွယ်လေးမှာ ၀တ်ချင်တဲ့အ၀တ်အစားလေးကို မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ ၀တ်ဆင်ဖို့ရာမှာ နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်.. အပင်ပန်းခံပြီး အစားအသောက်လျော့၊ လေ့ကျင့်ခန်းလုပ်လိုက်လို့ ရရှိလာတဲ့ ရလဒ်ဟာ ဘယ်လောက် ကြည်နူးဖို့ ကောင်းတယ်ဆိုတာ ကိုယ်တွေ့ ခံစားကြည့်တဲ့အခါ သိသာပါလိမ့်မယ်..

အမျိုးသမီးတွေဟာ အသက်၃၀ကျော်လာရင် ၀ဖို့လွယ်ကူလာပါပြီ။ ဒါကြောင့် “တို့ကတော့ အသက်ကြီးပြီ လှဖို့မလိုတော့ဘူး” လို့ ဆင်ခြေမပေးဘဲ ၀ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ် မသင့်တော်တာမို့ ၀ိတ်ချတာဟာ ကျန်းမာရေးကို ဂရုစိုက်တာ၊ ထိန်းသိမ်းစောင့်ရှောက်တာလို့ သိထားသင့်ပါတယ်. ၀ပြီးတဲ့ လူတစ်ယောက်ဟာ ၀ိတ် ချဖို့ အရမ်းကို ခက်ခဲပြီး ပင်ပန်းစွာနဲ့ အချိန်ကြာကြာ ချရပါတယ်.. များများဝလေ များများ ပင်ပန်းလေ ဖြစ်ပါတယ်. ဒါကြောင့် မိမိကိုယ်ကို စပြီး ၀နေပြီလို့ ထင်တဲ့အချိန်မှာ အမြန်ဆုံး သတိလေးထားပြီး ၀ိတ် ချဖို့ တိုက်တွန်းချင်ပါတယ်.. သိပ်ဝသွားချိန်မှ ချမယ်ဆိုရင် နောက်မကျပေမဲ့လည်း ခက်ခဲပြီး ပင်ပန်းလွန်းတာကြောင့် “မပိန်ချင်လည်း နေပါစေတော့ ဒီတိုင်းနေတော့မယ်” ဆိုတဲ့ လက်လျော့တဲ့ စိတ်မျိုး ဖြစ်သွားနိုင်ပါတယ်.. ဒါကြောင့်လည်း မ၀သေးတဲ့သူတွေက ဆက်ပြီး မ၀လာဖို့၊ မိမိရဲ့ ရှိရင်းစွဲ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် အစားအသောက် ဆင်ခြင်စားသောက်ပြီး၊ ၀စ ပြုလာသူများက အစားလျော့စား၊ လေ့ကျင့်ခန်းများ ပြုလုပ်သွားကြဖို့ တိုက်တွန်း ပါရစေလားနော်။

စာအမြဲလာဖတ်တဲ့ ညီမလေးတစ်ယောက်က ၀ိတ် လျော့တဲ့ အကြောင်း ပိုစ့်လေးတစ်ပုဒ် ရေးပေးပါလို့ တောင်းဆိုထားတာ ကြာပါပြီ။ အကြောင်း မတိုက်ဆိုင်တာကြောင့်ရော၊ ဒီခေါင်းစဉ်ဘက် ခြေဦးမလှည့်ဖြစ်သေးတာကြောင့်ပါ ရေးဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ခွင့်လွှတ်ဖို့ ပြောချင်ပါတယ်.. ဒီပိုစ့်လေးကိုတော့ အတွေ့အကြုံ တစ်ချို့နဲ့အတူ ဖတ်ထားတဲ့ စာတွေထဲကနေ ကိုယ်တိုင်လည်း သတိထားဆင်ခြင်ဖို့၊ ၀ိတ် လျှော့ချင်တဲ့ ညီမလေးနဲ့ ၀ိတ် လျှော့လိုသော သူများအတွက်ပါ ရည်ရွယ် ရေးသားပါတယရှင်.. ညီမလေးနဲ့ အားလုံးသော သူများလည်း လှလှပပ ကျန်းကျန်းမာမာ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်..



credit By
ချော(အစိမ်းရောင်လွင်ပြင်)


Thursday, March 15, 2012

အလင်းရောင်

ဆန္ဒတစ်စုံ ၀ိုင်ဝိုင်း+မဒီ

အမေရိကန်၏ ပထမဆုံးလူမဲအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် သို့မဟုတ် အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့် ( အပိုင်း ၂ )


အမေရိကန်တရားရုံးချုပ် Supreme Court ဆိုတာ လွယ်လွယ်ပြောရရင် အရမ်းပါဝါရှိတဲ့ ပေါင်ချိန်တရားရုံးကြီး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ မြို့တော် ၀ါရှင်တန်ဒီစီမှာ ရှိတယ်။ ကွန်ဒိုလီဇာ ရိုက်စ် ကိုမွေးတဲ့ ၁၉၅၄ မှာ အဲဒီပေါင်ချိန်ရုံးကြီးကနေ သမိုင်းတွင်တဲ့ ဆုံးဖြတ်ချက်တစ်ခုချပါတယ်။လူဖြူလူမဲခွဲတဲ့ ကျောင်းတွေ အခြေခံဥပဒေထဲက ထုတ်လိုက်တဲ့ ဆုံးဖြတ်ချက်ပါ။ တနည်းဆိုရရင် ခွဲခြားဆက်ဆံတဲ့ ကျောင်းတွေမရှိရတော့ဘူးပေါ့။ အတူတူတက်လို့ရ ပြီကွ....။ ထင်သလောက်မလွယ်ခဲ့ပါဘူး။

အမေရိကန်တရားရုံးချုပ် Supreme Court

ဒီဆုံးဖြတ်ချက်ရဲ့ နောက်ခံအကြောင်းက ရိုက်စ်တို့ ပြည်နယ်မှာ ဖြစ်တာမဟုတ်ပါဘူး။ ကန်းစပ်( Kansas ) ပြည်နယ်မှာ ဖြစ်တာ ။အတိုချုံးပြောရရင် အဲဒီပြည်နယ်က ဘရောင်း Brown ဆိုတဲ့ လူမည်းရဲ့ သမီးလေး သုံးတန်းကျောင်းသူ လင်ဒါ Linda ဟာ ကျောင်းတက်ဖို့အရေးအတွက် လမ်း ခြောက်လမ်းကျော်က ကားမှတ်တိုင်ကို နေ့တိုင်းလမ်းလျှောက်ရတယ်။လမ်းလည်းလျှောက် ကားလည်း စီးပြီးမှ လူမဲကျောင်းကို ရောက်တယ်။အဲ...ဘရောင်းတို့ အိမ်နဲ့ ခုနစ်လမ်းအကျော်မှာတော့ လူဖြူကျောင်းရှိတယ်။ ဒီတော့ ဘရောင်းက သမီးလေးသက်သာအောင် အဲဒီလူဖြူကျောင်းကို ပို့ချင်တယ်။ လူဖြူကျောင်းက လုံးဝလက်မခံဘူး။ ဒါနဲ့သူနဲ့ သူ့လို အလားတူ အဖြစ်ကို ရင်ဆိုင်နေရတဲ့ ကလေး အယောက်၂၀ ရဲ့ မိဖ အားလုံးပေါင်း ဆယ့်သုံးယောက်ဟာ မြို့နယ်တရားရုံးကို တင်ပြတယ်။ တရားရုံးက လူမဲမလိုလားတဲ့ မြို့နယ်ပညာရေးအဖွဲ့ဖက်က လိုက်ပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့တိုတိုပြောရရင် နောက်ဆုံးမတော့ဘရောင်းတို့က မကျေနပ်လို့ ၀ါရှင်တန် ဒီစီ က ပေါင်ချိန်ရုံးချုပ်ကြီးကို တက်ကြလေသတည်းပေါ့

လူမဲတွေ သူတို့နဲ့ လာရောမှာ ကျောင်းလာတက်မှာကို မလိုလားသော လူဖြူများ ဆန္ဒပြ

အဲဒီအမှုကို ဘရောင်းက ဦးဆောင်လို့ အမေရိကန် သမိုင်းမှာ Brown versus Board of Education ( ဘရောင်းနဲ့ ပညာရေးအဖွဲ့ အမှု ) လို့နာမည်ကြီးခဲ့တယ်။ သုံးနှစ်အကြာမှာ တရားရုံးချုပ်က ဘရောင်းတို့ကို အနိုင်ပေးပြီး တစ်နိုင်ငံလုံးမှာ အဖြူအမဲခွဲတဲ့ ကျောင်းတွေမရှိစေရ လို့ အမိန့်ထုတ်လိုက်တယ်။ အဲဒီနောက်မှာတော့ နေရာအနှံ့မှာ လူမဲတွေဟာ လူဖြူကျောင်းတွေမှာတက်ဖို့ကြိုးစားကြတယ်။ လူဖြူတွေဘက်ကလည်း ဆန္ဒပြကန့်ကွက်တာတွေအကြီးအကျယ်လုပ်ကြပါတယ်။

လူမဲတွေ သူတို့နဲ့ လာရောမှာ ကျောင်းလာတက်မှာကို မလိုလားသော လူဖြူများ ဆန္ဒပြ

အဲဒီအမှုကို ဘရောင်းက ဦးဆောင်လို့ အမေရိကန် သမိုင်းမှာ Brown versus Board of Education ( ဘရောင်းနဲ့ ပညာရေးအဖွဲ့ အမှု ) လို့နာမည်ကြီးခဲ့တယ်။ သုံးနှစ်အကြာမှာ တရားရုံးချုပ်က ဘရောင်းတို့ကို အနိုင်ပေးပြီး တစ်နိုင်ငံလုံးမှာ အဖြူအမဲခွဲတဲ့ ကျောင်းတွေမရှိစေရ လို့ အမိန့်ထုတ်လိုက်တယ်။ အဲဒီနောက်မှာတော့ နေရာအနှံ့မှာ လူမဲတွေဟာ လူဖြူကျောင်းတွေမှာတက်ဖို့ကြိုးစားကြတယ်။ လူဖြူတွေဘက်ကလည်း ဆန္ဒပြကန့်ကွက်တာတွေအကြီးအကျယ်လုပ်ကြပါတယ်။တချို့ကျောင်းများကတော့ လူမဲလက်ခံမယ့်အတူတူ ပိတ်ပစ်တာ ကောင်းတယ် ဟူ၏ ။

ကွန်ဂရက်စ်ထဲမှာလည်း ငြင်းခုန်မှုတွေများစွာ ဖြစ်တယ်။ ခွဲခြားဆက်ဆံရေးကို အားပေးတဲ့ ဥပဒေတွေကို တင်ပြကြတယ်။ တရားရုံးအဆင့်ဆင့်ကလည်း အဲဒီဥပဒေတွေကို ပယ်ချခဲ့တယ် ။ အချိန်တွေကြန့်ကြာခဲ့ပါတယ်။ လူမဲတွေဟာ နောက်ထပ်နှစ်အတော်ကြာ ဖိနှိပ်မှုအောက်ကမလွတ်နိုင်ခဲ့ကြဘူး။
ထူခြားတဲ့အဖြစ်တစ်ခုကို ပြောရရင် ဘရောင်း အမှုနိုင်သွားပြီးနောက် ၁၉၅၇ မှာ Arkansas ပြည်နယ်က Little Rock ဆိုတဲ့မြို့လေးမှာ လူမည်းလေး ကိုးယောက် လူဖြူကျောင်းကို တက်မှာကို ပြည်နယ်အုပ်ချုပ်ရေးမှုးကိုယ်တိုင်က ခွင့်မပြုဘူးဆိုတဲ့ ကိစ္စတစ်ခုပေါ်လာပါတယ် ။ဒါပေမယ့် လူမဲတွေ လူဖြူကျောင်းတက်လို့ရတာ တရားရုံးချုပ်ကြီးကကို ခွင့်ပြုထားတာမို့ ကျောင်းကတော့လက်ခံလိုက်ပါရဲ့။ သို့သော် ကျောင်းစတက်မယ့်နေ့မှာ ပြည်နယ်အုပ်ချုပ်ရေးမှုးက '' တက်ရဲရင်တက်ကြည့် '' ဆိုပြီး စစ်တပ်ကိုပါ ကျောင်းနားမှာချထားတယ်။ လူမဲမုန်းတဲ့ လူဖြူတွေကလည်း ချိန်းခြောက်မှုတွေ တရစပ်လုပ်ပြီး ဆန္ဒပြတယ် ။ စစ်တပ်က ကျောင်းလာတဲ့ လူမဲလေး ကိုးယောက်ကို ပိတ်ထားတဲ့ ပုံဟာ သတင်းစာတွေမျက်နှာဖုံးမှာ ၀က်ဝက်ကွဲပါလာပါတော့တယ်။

လူမည်းကိုးယောက်မှ တစ်ယောက်နှင့် ၄င်းတို့ကို ဆန့်ကျင်သော လူဖြူများ



Little Rock ရဲ့ မြို့ဝန်ကလေးက သူ့ပါဝါနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးကို မယှဉ်နိုင်တော့ သမ္မတကို တင်ပြရရှာတယ်။ ဒီတော့ သမ္မတ အိုင်ဆင်ဟောင်ဝါ Eisenhower ကိုယ်တိုင် ပြည်နယ်အုပ်ချုပ်ရေးမှုးကို ခေါ်တွေ့ပြီး တရားရုံးချုပ် Supreme Court ရဲ့ အမိန့်ကို မဆန့်ကျင် အာ မခံဖို့ သတိပေးရတယ်။ အိုင်ဆင်ဟောင်ဝါကိုယ်တိုင် စစ်တပ်ကို လွှတ်ပြီး အဲဒီကိုးယောက်ကို ကာကွယ်ပြီးကျောင်းလိုက်ပို့ခိုင်းရတယ်။ အဲဒီ လူမဲကိုးယောက်နဲ့ Little Rock မြို့လေးမှာ သမ္မတကိုယ်တိုင်ဝင်ချဲရတဲ့ အဖြစ်အပျက်ကို Little Rock Nine လို့ အမေရိကန် သမိုင်းမှာ ဒီနေ့သင်ရပါတယ်။
လူမည်းကိုးယောက် ပထမနေ့မှာ သမ္မတလွှတ်လိုက်သော စစ်တပ်ခြံရံမှ ကျောင်းထဲဝင်ရဲ
သမ္မတ အိုင်ဆင်ဟောင်ဝါ Dwight D.Eisenhower ( ၁၉၅၃ မှ ၁၉၆၁ ထိအုပ်ချုပ်ခဲ့သော အမေရိကန်၏ ၃၄ ယောက်မြောက် သမ္မတ )

( မှတ်ချက်။ ။ အဲဒီကိုးယောက်ဟာ ကျောင်းသာဝင်ခွင့်ရသွားတယ်။ အဖြူတွေရဲ့ အဗျင်းကို ကျောကော့နေအောင် ခံရတာ တော်တော်ကြာပါတယ်။ ကလေးမလေး တစ်ယောက်ဆို အဖြူမလေးတွေက အိမ်သာထဲမှာ သူ့ကို ပိတ်ပြီး သူ့အပေါ်ကနေ စက္ကူတွေမီးရှို့ချလို့ ဒဏ်ရာတွေဗလပွ။ နောက်တစ်ခါကျတော့ အက်စစ်နဲ့အလောင်းခံရလို့ မျက်စိကန်းမတတ်။ ထိုထိုသော နေရာအနှံ့က ဖိနှိပ်မှုတွေဟာ ၁၉၆၅ ကျမှ Jim Crow Laws တွေကို အပြီး ဖျက်သိမ်းလိုက်တာနဲ့ အတူ အဆုံးသတ်သွားခဲ့တယ် )။

မိုင်းတွင်သော Little Rock Nine အမှုမှ လူမည်းကိုးယောက်

လူမဲတွေ ဖိနှိပ်ခံရတဲ့အကြောင်းတွေကို ဒီလောက်နဲ့ ရပ်ပြီးသကာလ ရိုက်စ်ကို မီဒီယာမှာ နာမည်ပျက်စေခဲ့တဲ့ အကြောင်းတစ်ခုကို ဆက်ပြောရအောင်။ မျက်လုံးကျယ်သွားတာပေါ့...D:

ကွန်ဒိုလီဇာရိုက်စ်ဆိုတဲ့ နာမည်နဲ့ တန်ကာ tanker ( ရေနံတင်သင်္ဘော ) တစ်စင်းရှိခဲ့ဖူးတယ်။ အဖြစ်ကဒီလိုပါ။ရိုက်စ်က စတန်ဖို့ဒ် Standford တက္ကသိုလ်မှာ ဆရာမ၀င်လုပ်ရင်းတန်းလန်းနဲ့ အဖေဘုရှ်အစိုးရအဖွဲ့ထဲမှာ ဆိုဗီယက်အရေးကျွမ်းကျင်သူရာထူးကို ရသွားတယ်။ ပထမပိုင်းမှာ ပါပြီးပြီ...မှတ်မိလားမသိဘူး။ ဒါနဲ့ သူရဲ့ဆရာမအလုပ်ကို နှစ်ချီခွင့်ယူပြီး အဲဒီရာထူးသစ်မှာ သွားလုပ်တယ်။ ၁၉၈၉မှာပေါ့။

ကွန်ဒိုလီဇာရိုက်စ် အမည်ဖြင့် ရေနံတင်သင်္ဘော

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲဖို့နီးကပ်နေချိန်မို့ သူ့အကြံဥာဏ်တွေကို အစိုးရက အရမ်းအားထားခဲ့တယ်။ ဒါပေမယ့် တက္ကသိုလ်အလုပ်က ၂ နှစ်ထက်ပိုပြီး ခွင့်မရလို့ ၁၉၉၁ မှာ စတန်းဖိုဒ် တက္ကသိုလ်မှာ အလုပ်ပြန်ဝင်ခဲ့တယ်။အဲဒီမှာ ဂျော့ရှ်ဆိုတဲ့ ဘဲကြီးတစ်ဗွေနဲ့ ခင်မင်ခဲ့ပါတယ်။ အဲလေ..ယောင်လို့...။ ဘယ်ကဘဲရမှာလဲ ။ အမေရိကန်သမ္မတ ရော်နယ်ရေဂင် လက်ထက်က နိုင်ငံခြားရေးဝန်ကြီး George P.Shultz ပါ။ ဂျော့ရှ်ဟာ နိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင်မှာ အလုပ်သမားရေးရာ ၀န်ကြီး၊ ပြီးတော့ ဘန်ဏာရေးဝန်ကြီးဖြစ်ခဲ့သူပါ။ သူဟာ နိုင်ငံရေးနယ်ပယ်ထဲမ၀င်ခင်တုန်းက မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်နဲ့ ချီကာဂို တက္ကသိုလ်တို့မှာ ဆရာဖြစ်ခဲ့တယ်။ ရိုက်စ်နဲ့ သိတဲ့အချိန်မှာတော့နိုင်ငံရေးကအနားယူပြီး စတန်ဖို့Standford တက္ကသိုလ်ရဲ့ ဗဟုအဖွဲ့ think tank ( ထိပ်တန်းပညာရှင်များအဖွဲ့ ) ထဲမှာ ပါဝင်နေဆဲ။

သမ္မတရော်နယ်ရေဂင်နဲ့ နိုင်ငံခြားရေးဝန်ကြီး George P.Shultz ( ဘယ် )

အဲဒီလူကြီးက စီးပွားရေးလည်း သိပ်မလုပ်တတ်ရှာပါဘူး။ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ Bachtel မှာ ဥက္ကဌပါတဲ့ဗျာ။ နိုင်ငံပေါင်း ၁၈၀ မှာ ရှိတဲ့ အမေရိကန် ရေနံနဲ့ သဘာဝဓါတ်ငွေ့ကုမ္မဏီ ရှယ်ဗရွန် Chevron Corporation ကြီးရဲ့ ဒါရိုက်တာအဖွဲ့မှာလည်း ပါသတဲ့။ ( အဲလို တစ်နေရာလောက် ရရင်တော်ပါပြီ ...)။ သူက နိုင်ငံခြားအရေးအရာတွေကို မွှတ်နေတဲ့ ရိုက်စ်ကို ရှယ်ဗရွန်ရဲ့ ဒါရိုက်တာအဖွဲ့မှာ ထည့်ပေးဖို့ ရိုက်စ်ဖက်က ထောက်ခံပေးလိုက်တယ် ။ အဲဒီအချိန်က ရှယ်ဗရွန်ဟာ ရုရှားဘေးနားက ကာဇကစ်စတန် Kazakhstan နိုင်ငံမှာ ဒေါ်လာ သန်းတစ်သောင်းတန် ပရောဂျက်တစ်ခုကို လုပ်နေတယ်။

ရှဗရွန် ဓါတ်ဆီဆိုင်တစ်ခု

ကာဇာကစ်စတန်ဆိုတာ ဆိုဗီယက်ကနေနောက်ဆံုးခွဲထွက်ခဲ့တဲ့ကမ္ဘာအကြီးဆုံးကုန်းပိတ်နိုင်ငံဖြစ်တယ်။သမိုင်းမသိရင် အကန်းနဲ့တူတယ် ပထ၀ီမသိရင် အကျိုးနဲ့တူတယ် ဆိုတဲ့ စကားလေး အားကိုးနဲ့လျှာရှည်လိုက်ဦးမယ်နော်....ခွင့်ပြုပါ။ ကာဇာကစ်စတန်ဆိုတာ ကမ္ဘာပေါ်မှာ စတန် -stan နဲ့ ဆုံးတဲ့ နိုင်ငံခုနစ်နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။

ကမ္ဘာအကြီးဆုံးကုန်းပိတ်နိုင်ငံကာဇကစ်စတန် မြေပုံ

ပါကစ်စတန် ( Pakistan )၊ အာဖဂန်နစ်စတန်( Afganistan ) ၊ ကာဇကစ်စတန် ( Kazakhstan )၊ ဥဘာ့ကစ်စတန် ( Uzbekistan )၊ ကာဂျစ်စတန် ( Kyrgyzstan )၊တာဂျီကစ်စတန် ( Tajikstan )၊ တာမနီကစ်စတန် (Turkmenistan) ဆိုတဲ့ ခုနစ်နိုင်ငံမှာ ပါကစ်စတန်နဲ့ အာဖဂန်နစ်စတန်ကလွဲလို့ ကျန်တဲ့ ငါးနိုင်ငံက ၁၉၉၁ မှာဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲတုန်းကခွဲထွက်လာတာ။ အရင်က ကမ္ဘာ့မြေပုံမှာ နိုင်ငံအဖြစ်မရှိဘူး။

စတန်နှင့် ဆုံးသော နိုင်ငံ ခုနစ်နိုင်ငံ

အဲဒီတော့ ကာဇကစ်စတန်မှာ ပရောဂျက်ရှိနေတဲ့ ရှဗရွန်ဟာ ဆိုဗီယက်အရေးကျွမ်ကျင်သူ ရိုက်စ်ကို ဒါရိုက်တာအဖွဲ့ထဲ ရှောရှောရှူရှူ သွင်းလိုက်တာ မဆန်းပါဘူး။ ရိုက်စ်က အစိုးရအဖွဲ့ထဲမှာလုပ်ဖူးတော့ ကာဇကစ်စတန်ရဲ့ သမ္မတကို သိတာကလည်းတစ်ကြောင်းပေါ့။ ရိုက်စ်ဟာ ရှယ်ဗရွန်ကိုယ်စား ကာဇကစ်စတန်ကို သွားပြီး ကုမ္ပဏီကိစ္စတွေကို ဆောင်ရွက်ပေးခဲ့တယ်။ အဲဒါကို စပါယ်ရှယ် ဂုဏ်ပြုသောအားဖြင့် ရှယ်ဗရွန်က ၁၉၉၃ မှာ တန်ချိန် တစ်သိန်းနှစ်သောင်းကိုးထောင်ရှိတဲ့ သူ့တို့ရဲ့ ရေနံတင်သင်္ဘေံတစ်စင်းကို SS Condoleezza Rice လို့နာမည်ပေးလိုက်ပါတယ် ။

န်ဒိုလီဇာရိုက်စ် ဟုအမည်ရသော ရှဗရွန် ရေနံတင်သင်္ဘော

ဒါပေမယ့် ပြသနာက အမေရိကန်ထိတ်တန်းအစိုးရအဖွဲ့ဝင်တွေဟာ ရေနံကုမ္ပဏီကြီးတွေနဲ့မကင်းဘူးလို့ မီဒီယာတွေက ဝေဖန်တာရယ် ( တကယ်လည်း မကင်းပါ )၊ ရှယ်ဗရွန်က လူ့အခွင့်အရေးချိုးဖောက်ခြင်းတွေရှိတဲ့ နိုက်ဂျီးရီးယားကဲ့သို့နိုင်ငံတွေမှာ သွားပြီးစီးပွားရေးလုပ်တာတွေရယ်ကြောင့် အမေရိကန်နိုင်ငံအတွင်းမှာ ကန်ကွက်ဆန္ဒပြမှုတွေ ပေါ်လာခဲ့တယ်။ ဒီတော့ ရိုက်စ်နာမည်ကြီးနဲ့ ရေနံတင်သင်္ဘောကြီးကို ဒီနာမည်ဆိုရင်တော့ လူပြောစရာတွေ ပိုဖြစ်တော့မယ်ဆိုပြီး ၂၀၀၁ ကျတော့ နာမည်ပြောင်းလိုက်ကြပါတယ်။ခုထိ ရိုက်စ်ရဲ့ တက္ကသိုလ် ဟောပြောပွဲတို့ အင်တာဗျူးတို့မှာ ခဏခဏ အဖော်ခံရတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ဗရွန်နဲ့ ရင်းနှီးသော ဘုရှ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများထဲမှတစ်ခု

ရိုက်စ်ရဲ့ ပညာရေးဂုဏ်ပုဒ်တွေထဲမှာ Standford က Provost ဖြစ်ခဲ့တာလည်းပါပါတယ်။ Provost ဆိုတာ အမေရိကန်တက္ကသိုလ်တွေမှာဆို တက္ကသိုလ်ရဲ့ ဒုဥက္ကဌနေရာနဲ့ညီတယ်။ စတန်းဖို့ဒ် တက္ကသိုလ်ရဲ့ သမိုင်းမှာ ၃၈ နှစ်သာရှိသေးတဲ့ရိုက်စ်ဟာ အဲဒီနေရာကိုရသူများမှာ အငယ်ဆုံး။ ရိုက်စ်အရှေ့က အဲဒီနေရာကို ယူခဲ့သူက အနားယူသွားချိန်မှာ ၆၇ နှစ်ရှိပြီ။ သူက ကျွန်တော် ရိုက်စ်ရဲ့ အရည်အချင်းနဲ့ အသက်ထက်ပိုပြီး ရင့်ကျက်မှုကို ယုံတယ် လို့ ပြောသွားတယ်။

၉၉၃ တွင် အတော်ဆုံးဆရာဆုWalter J. Gores Award for Excellence in Teaching ကို ယူစဉ်

Provost ရဲ့တာဝန်တွေထဲမှာ တက္ကသိုလ်ရဲ့ ဒေါ်လာသန်းထောင်ပေါင်းများစွာရှိတဲ့ ငွေကြေးကို ကိုင်တွယ်ထိန်းသိမ်းရခြင်းလည်း ပါပါတယ်။ရိုက်စ်အဲဒီရာထူးကိုရချိန်မှာ တက္ကသိုလ်ဘတ်ဂျက်မှာ ဒေါ်လာသန်း ၂၀ လောက်လိုငွေပြနေပါသတဲ့။ ရိုက်စ်က အဲဒီလိုငွေကို နှစ်နှစ် အတွင်းမှာ ကိုက်အောင်လုပ်ပေးမယ်လို့ ကတိပေးပါတယ်။ ဘယ်သူမှ မယုံပါဘူး။ လိုငွေပြတယ်ဆိုတာ သဘာဝဘဲ၊ ဘယ်နည်းနဲ့မှ အဲဒီလိုငွေကို ပျောက်အောင်မလုပ်နိုင်ဘူး လို့အားလုံးကပြောကြပါတယ်။ ဒါပေမယ့် ရိုက်စ်တစ်ယောက် မည်သို့မည်ပုံအတွင်းအားတွေသုံးလုပ်လိုက်သည်မသိ၊ နှစ်နှစ်လည်းကြာရော အဲဒီလိုငွေပျောက်သွားရုံမက တက္ကသိုလ်ဘတ်ဂျက်မှာ ဒေါ်လာ ၁၄ သန်းခွဲ ပိုရှိနေပါလေရောတဲ့။ ( မီးမီးလည်း အဲလို လုပ်တတ်ချင်လိုက်တာ )

သူသည် ၁၉၈၈တွင် စတန်ဖို့တက္ကသိုလ်တွင် ဘောလုံးနည်းပြလည်း ဖြစ်သည်။ ( အစားစုံ အစုံစားသော မမပါတကား )

ရိုက်စ်ကို ကျောင်းသားတွေ ခဏခဏမေးလေ့ရှိတာက ကိုယ့်ဝါသနာနဲ့တကယ်လုပ်ရတာထပ်တူကျတဲ့နေရာကို ဘယ်လိုရောက်လာသလဲဆိုတာပါ ။ အဲဒီမေးခွန်းက လူတော်များများ စိတ်ဝင်စားပြီး သိချင်ကြတယ်။ လူတော်တော်များများဟာ လုပ်ချင်တာနဲ့ လုပ်နေရတာ ထပ်တူမကျကြဘူး မဟုတ်လား ။ တစ်ချို့ဆို ကိုယ်ဘာလုပ်ချင်တယ်ဆိုတာတောင် နားမလည်နိုင်ဘဲ ယောင်လည်လည် ဖြစ်နေတုန်းလေ။(အဲဒါကိုယ့်ကိုယ့်ကိုယ်ကို စောင်းပြောတာ)။ သူက စန္ဒရားမှာ အလုပ်မဖြစ်လို့ရောက်လာတာလို့ခပ်နောက်နောက်နဲ့အရွှန်းဖောက်တတ်ပါတယ်။ အတည်ဖြေတာကတော့ တက္ကသိုလ်မရောက်ခင် ကိုယ်ဘာဝါသနာပါလဲ ကိုယ့်ရဲ့ passion ဟာဘာလဲ ဆိုတာကို သိအောင်လုပ်ပါတဲ့။ကိုယ့်ဘ၀အတွက်ဝင်ငွေကောင်းမယ့်အလုပ် ၊ဂုဏ်ရှိမယ့်အလုပ်တွေကို ခဏဖယ်ထားပြီး မနက်အိပ်ရာက အစောကြီးနှိုးပြီး ခိုင်းရင်တောင် စိတ်ပါလက်ပါလုပ်နိုင်မယ့် အရာကို ရှာပါ။ မတွေ့မချင်းရှာပါ။

သူကဒီအားကစားအဖွဲ့မှလည်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်

သူ့တုန်းကလည်း အစက စန္ဒရားနဲ့ ဘွဲ့ယူဖို့လုပ်ထားတာ။ နောက်တော့ ၁၁ အရွယ် စန္ဒရားပါရမီရှင်လေးကို တွေ့ပြီး သူနားလည်သွားတာက စန္ဒရားဟာ သူ့ရဲ့ တကယ့်ဝါသနာအစစ်မဟုတ်ဘူးဆိုတာပါပဲ။သူ့ရဲ့ တကယ့်ဝါသနာ နိုင်ငံရေးသိပ္ပံကို မတတ်ခင် သူဟိုအတန်းတက်ကြည့် ဒီအတန်းတက်ကြည့် ယောင်တောင်တောင် ဖြစ်နေခဲ့သေးတယ်။ တစ်နေ့ နိုင်ငံရေးသိပ္ပံသင်တဲ့ အခန်းထဲ ၀င်တက်ကြည့်မှ ဒါငါလုပ်ချင်တာပဲ ဆိုတာ သိသွားခဲ့တယ်။ အဲဒီမေဂျာမှာ အရမ်းကို ပါရမီပါခဲ့တာ နောက်ပိုင်း သူ့ရဲ့ အောင်မြင်မှုတွေက သက်သေပါဘဲ။ ( ဒါတွေဖတ်ပြီး နာလုပ်နေရတာ နာဝါသနာမပါဘူး ဆိုပြီး ဟိုတွေးဒီတွေး ၊ မရိုးမရွ ၊နေမထိထိုင်မသာတွေတော့မဖြစ်ပါနဲ့ကွယ် ။၊ အားလုံးအတုယူရမယ်လို့မဆိုလိုပါဘူး။ ကိုယ်နဲ့သင့်ရာကိုသာ ယူပါ။ )

နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ ရိုက်စ်ဘာမယ်မယ်ရရလုပ်ခဲ့လဲ။ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒတွေများစွာကို ပြောင်းလဲပြင်ဆင်ခဲ့တဲ့ Transformational Diplomacy ဆိုတာကြီးကို ရေးပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ တိုတိုပြောရရင်တော့ ကမ္ဘာအရပ်ရပ်က အမေရိကန်သံရုံးတွေကို ပိုပြီးထိရောက်စွာအလုပ်လုပ်အောင် စည်းကမ်းတွေချပေးခဲ့တယ်။ ဥပမာဆိုရရင် အရင်တုန်းကဆို ဂျာမနီနိုင်ငံက အမေရိကန်သံရုံးဝန်ထမ်းနဲ့ အိန္ဒိယနိုင်ငံက အမေရိကန်သံရုံးဝန်ထမ်းဟာ အရေအတွက် အတူတူဘဲ ။ ဒါဟာအဓိပ္ပါယ်မရှိပါဘူး။ ဂျာမနီက လူဦးရေ ၈၂ သန်းဘဲရှိတယ်။ အိန္ဒိယက လူဦးရေသန်းတစ်ထောင်ကျော်....။ အကျယ်အ၀န်းအားဖြင့်လည်း အတော်ကွာပါတယ်။ ပြီးတော့ သံရုံးတွေအရေအတွက်ဟာ ဥရောပနိုင်ငံကြီးမှာ ပိုရှိနေတာကို ရိုက်စ်က သဘောမကျဘူး။ နောက်တစ်ချက်က သံတွေကို နိုင်ငံရဲ့ မြို့တော်တွေ မြို့ကြီတွေမှာဘဲ နေရာချထားတာ မလိုချင်ဘူး။ဒီတော့ သူရာပေါင်းများစွာသော အမေရိကန်သံတမန်တွေကို နေရာရွှေ့ပစ်တယ်။ ဘယ့်နှယ်။ မြို့ကြီးတွေမှာ ဆီဦးထောပတ်တွေစား၊လူ့မလိုင်လွှာမှာနေပြီး ပိုက်ဆံတွေနင်းကန်ယူနေတဲ့လူ့ဘောကြော့တွေ....လာရော့....။ သွား...နင်က ဘာလင်ကနေ ကာလကတ္တား၊ နင်ကတော့ ရောမကနေ ရုရှားကြွ ၊ မင်းကတော့ ပါရီကနေ နိုက်ဂျီးရီးယားကို ဂိုး ။ ဟိုတစ်ယောက်ကတော့ လန်ဒန်ကနေ ပါကစ်စတန်ကို ရွှေ့.....။ ဒီလိုနဲ့ ဥရောပနဲ့ ၀ါရှင်တန်ဒီစီက ရာပေါင်းများစွာသော သံတမန်တွေကို လိုအပ်သလို နေရာရွှေ့ပစ်ပါတယ်။ အထူးသဖြင့် တောင်အာရှ၊ အရှေ့အာရှ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း။ အဲဒီထဲကမှ ပြသနာပိုပေါတဲ့ အီရန်၊ အာဖဂန်နစ်စတန်၊ ပါကစ်စတန်၊ ဆူဒန်၊ နိုက်ဂျီရီးယား စတဲ့ နိုင်ငံတွေကို ပိုပြီး ဦးစားပေးခဲ့တယ် ။ဘာကြောင့်လဲဆိုတော့ September 11 ဝေါလ်ထရိတ် စင်တာတိုက်ခိုက်ခံရတာဟာ ဖိနှိပ်မှု နဲ့ အကြောက်လွန်ဆောက်တည်ရာ မရဖြစ်မှုတွေမှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီနေရာတွေကလူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးရမယ်လို့ ရိုက်စ်က ယုံကြည်တယ်။
အရင်ကဆို ကမ္ဘာအရပ်ရပ်မှာ လူတစ်သန်းကျော်ရှိတဲ့ မြို့ကြီး ၂၀၀ လောက်ဟာ အမေရိကန်နဲ့ ဘာသံတမန်ဆက်ဆံရေးမှ မရှိကြဘူး။ ဒီတော့အဲဒီနေရာတွေကိုလည်း သံတမန်တွေပို့ပစ်တယ်။ ဒါတင်မက ဘဲ မြို့ကြီးတွေမှချည်း စုမနေကြနဲ့ ။ တောတွေနယ်တွေလည်း ဆင်းပြီး အလုပ်လုပ်ကြ ။ ဒါမှ အခြေအနေမှန်ကို သိမယ်။ ရောဂါတွေတိုက်ဖျက်တာ၊ အကြမ်းဖက်တွေကို နှိမ်နင်းတာ၊ မူးရေးဆေးဝါးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေမှာ နယ်ခံအစိုးရနဲ့ ပူးပေါင်းလုပ်။ သံတမန်တစ်ယောက်ကို အနည်းဆုံး နယ် ၂ နယ်စီကိုင် ၊အဲဒီနယ်တွေရဲ့ အရေးအခင်းတွေအားလုံးကို ကျွမ်းကျင်နှံ့စပ်အောင်လုပ်။ ဒါတင်မကဘဲ သံတမန်တွေကို တရုတ်၊ ဖာစီ Farsi ၊ အူရဒူ Urdu စတဲ့စကားတွေထဲက နှစ်ခုကို မဖြစ်မနေသင်ခိုင်းတယ်။ ( Farsi ဆိုတာ ပါရှား Persian ဘာသာစကားဖြစ်ပြီး အီရန်၊ အာဖဂန်နစ်စတန်နဲ့ တာဂျီကစ်စတန်နိုင်ငံတွေမှာ အများဆုံးသုံးတယ်။ တကမ္ဘာလုံးမှာ ပါရှန်စကားပြောသူ သန်း ၁၁၀ လောက်ရှိတယ်။ အူရဒူကတော့ တောင်အာရှကမူဆလင်တွေ ပြောတဲ့စကားဖြစ်တယ်။ သန်း ၇၀ လောက်ပြောကြတယ်လို့သိရတယ်။ ပါကစ်စတန်နဲ့ အိန္ဒိယမှာလည်း ဒေသတော်တော်များများမှာသုံးတယ်။ တရုတ်ကတော့ သိကြတဲ့အတိုင်း မန်ဒရိန်းတရုတ်စကားပြောသူချည်း သန်း ၈၅၀ လောက်ရှိတယ်။ ဒုတိယလိုက်တဲ့ ၀ူ ( Wu )က သန်း ၉၀၊ တတိယက ကန်တိုးနီးစ် ( Cantonese ) သန်း ၇၀ ၊ မင် ( Min )က သန်း ၅၀ ။ ကဲ...တရုတ်စကားတော့တတ်သင့်ပြီ ။ သံတမန်မှ မဟုတ်ဘူး )
အမေရိကန်နိုင်ငံရဲ့အကြောင်းတွေကို သိအောင်သတင်းစင်တာတွေဖွင့်ပြီးဌာနေမီဒီယာတယ်လီဗေးရှင်းတွေကနေ ဖြစ်နိုင်ရင် ဌာနေနိုင်ငံကဘာသာစကားနဲ့အဲဒီနိုင်ငံက ပြည်သူတွေ သိအောင် ထုတ်လွှင့်ပေးခိုင်းတယ်။ အမေရိကန်နဲ့ ကျန်တဲ့ ကမ္ဘာကြီး အဆက်မပြတ်အောင်၊ တကမ္ဘာလုံးကလူတွေ အမေရိကန်မီဒီယာတွေကို အားကိုးသတင်းယူခြင်းအားဖြင့် အမေရိကန်ရဲ့ အရေးပါမှုကို တိုးမြှင့်ဖို့ အင်တာနက် Web Site အသစ်တွေဖန်တီးစေခဲ့တယ်။
ဒီလောက်ဆိုရင် ရိုက်စ်အကောင်းအထည်ဖော်ခဲ့တဲ့ Transfomatinal Diplomacy ဆိုတာကြီးကို ရိပ်ဖမ်းသံဖမ်းတော့ သဘောပေါက်ကြပြီလို့ မျှော်လင့်ပါတယ်။ ဆက်ပြောရင် အိပ်ပျော်သွားမှာစိုးလို့ဤအပိုင်းကို ဤတွင်ရပ်၏ ။

သမ္မတ ရုတ်တရက် တစ်ခုခုဖြစ်ရင် ( သေတာ၊ အလုပ်ထွက်တာ သို့မဟုတ် အလုပ်ပြုတ်တာ အသည်းအသန်နေမကောင်းတာစတဲ့ case တွေဖြစ်ရင် ) အပူတပြင်းဆုံးဖြတ်ရမယ့်ကိစ္စတွေမှာ သမ္မတနေရာကို ဘယ်သူယူသင့်တယ်လို့သတ်မှတ်ထားတဲ့အဆင့် line of succession မှာ ရိုက်စ်က လေးယောက်မြောက်နေရာမှာ ရှိတယ်။ ဒါဆို ပထမ၊ ဒုတိယနဲ့ တတိယတွေဟာ ဘယ်သူလဲ။

အမေရိကန်မှာ ဥပဒေတွေပြုရာ နေရာကို ကွန်ဂရက်စ် Congress လို့ခေါ်တယ်။ မြန်မာပြည်မှာဆို ပါလီမန်ပေါ့။ အဲဒီကွန်ဂရက်စ်မှာ ဆီးနိတ် Senate ရယ်၊ House of Representatives ရယ်ဆိုပြီး နှစ်ပိုင်းရှိတယ်။ ဆီးနိတ်က ပိုမြင့်တယ်။ ဆီးနိတ်ကို အုပ်ချုပ်သူက ဒုသမ္မတဖြစ်တယ်။ ဆီးနိတ်ဥက္ကဌပေါ့ ။ ဆီးနိတ်ဥက္ကဌပြီးရင် ဒုဥက္ကဌကို President pro tempore လို့ခေါ်တယ်။ House of Representatives ရဲ့ ဥက္ကဌကို တော့ Speaker of the House of Representatives ကိုခေါ်တယ်။ အဲဒီ လူသုံးယောက်ဟာ အမေရိကန်မှာ သမ္မတ လျောသွားတာဘဲ ဖြစ်ဖြစ်၊ အလုပ်ပြုတ်တာဘဲဖြစ်ဖြစ် ၊အလုပ်ကသူ့သဘောနဲ့သူထွက်သွားတာဘဲဖြစ်ဖြစ်....တိုတိုပြောရရင် သမ္မတရုတ်တရက် မရှိတော့ရင် သမ္မတနေရာကို ဘယ်သူယူသင့်တယ်လို့ သတ်မှတ်ထားတဲ့ လိုင်း line of succession မှာ နိုင်ငံခြားရေးဝန်ကြီး ရဲ့ရှေ့မှာရှိတယ်။

ဆက်ခံခွင့်အစဉ် Line of Succession



1. ဒုသမ္မတ သို့ ဆီးနိတ် ဥက္ကဌ Vice President



2. ဆီနိတ် ဒုဥက္ကဌ President pro tempore



3. အမတ်များအဖွဲ့ ဥက္ကဌ Speaker of the House of Representatives



4. နိုင်ငံခြားရေး ၀န်ကြီး Secretary of States



တကယ်တော့ line of succession မှာ ၁၈ ယောက်ရှိတယ်။ ကျန်တာတော့ သိချင်ဝယ်ဖတ် ဆယ့်ငါးကျပ် ( google မှာ အကုန်ရှိပါတယ် ) ။

သမ္မတရဲ့ အနီးကပ်အကြံပေးအဖွဲ့ Cabinet ၀န်ကြီး ၁၅ ယောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးက အမြင့်ဆုံးဖြစ်ပါတယ်။ အဲလိုနေရာက ရိုက်စ်တစ်ယောက် အပင်မြင့်လေ၊ ရာသီဥတုဒဏ်ခံရလေ ဖြစ်ခဲ့တာမဆန်းပါဘူး။သမ္မတ ဘုရှ်နဲ့အရမ်းကို ပလဲနံပသင့်တဲ့အချက်ကလည်း သူဟာ လူတွေထင်တာထက် ပိုပြီးအာဏာရှိတယ်တယ် ထင်မြင်ချက်ကို ဖြစ်စေပါတယ်။ သူအဝေဖန်ခံရဆုံး ကိစ္စများထဲက ( အီရပ်စစ်ပွဲကိစ္စပြီးရင် ) တစ်ခုကတော့ စီအိုင်အေက ဖမ်းထားတဲ့အယ်ကိုင်းဒါနဲ့ဆက်စပ်တယ်လို့ယူဆရတဲ့လူတွေကို ရေသွန်ချနှိပ်စက်နည်း waterboarding ကိုသုံးပြီး စစ်ဖို့ခွင့်ပြုပေးခဲ့တယ် ဆိုတဲ့ကိစ္စပါဘဲ။

waterboarding ဆိုတာ မလှုပ်မယှက်နိုင်အောင် တုပ်ထားပြီး ပက်လက်လှန်အိပ်ခိုင်းထားတဲ့အကျဉ်းသားမျက်နှာပေါ်က အဆက်မပြတ် ရေလောင်းချတာ ဖြစ်တယ်။ ခံရတယ်လူဟာ ရေနစ်သလို ခံစားရပြီး အင်မတန်ခံရခက်ပါတယ်။ တကယ်တော့အဲဒီနည်းဟာသိပ်မဆိုးသလိုထင်ရပေမယ့် အဆုတ်ကိုထိခိုက်တာ၊ ဦးနှောက်ပျက်စီးတာ၊ ခံရသူဟာ အသက်ရှူကျပ်ပြီး ရုန်းကန်ရင်းနဲ့အရိုးတွေကျိုးတာ၊ နှလုံးရောဂါရှိသူတွေ နှလုံးဖောက်တာ စတာတွေကို ဖြစ်စေတယ်။ အကြီးအကျယ် စိတ်ဒဏ်ရာကိုယ်ဒဏ်ရာရစေတဲ့နည်းတစ်နည်းပေါ့။ ဒီနည်းကို ခံစားဖူးသူတွေဟာ မသေရင်တောင်မှ နောက်ပိုင်းမှာ မိုးရွာရင် သွေးရူးသွေးတန်ဖြစ်တာ၊ ရေပန်းနဲ့ ရေချိုးရမှာ အရမ်းကြောက်တာ၊ စိတ်ကျရောဂါရတာ စတဲ့ ကြာရှည်စိတ်ရောဂါတွေ ရတတ်တယ်။

waterboarding နှိပ်စက်နည်း

၂၀၀၇ မှာ စီအိုင်အေဟာ အဲဒီနည်းကိုသုံးနေတယ်လို့သတင်းထွက်လာတယ်။ စီအိုင်အေက ၀န်ခံသလောက်ကတော့ ၂၀၀၂ နဲ့၂၀၀၃ မှာ အယ်ကိုင်းဒါးအဖွဲ့ဝင်လို့သံသယရှိခံရသူ သုံးယောက်ကို ဒီနည်းနဲ့ စစ်မေးခဲ့ပါတယ်တဲ့။ ဘုရှ်အုပ်ချုပ်ရေးအဖွဲ့တော့ ဒီနည်းကို နှိပ်စက်နည်းတစ်မျိုးလို့ မယူဆဘူးလို့ ဒီနေ့ထိ အကြိမ်းကြိမ်ငြင်းတယ်။ ဘာပဲဖြစ်ဖြစ် တကယ်တော့ဒါဟာ နှိပ်စက်နည်းပါဘဲ။ နှိပ်စက်နည်းမှာမှ ရှေးကျတဲ့ နှိပ်စက်နည်းတစ်ခုဖြစ်တယ်။ ဟိုး ၁၅ ရာစုနှောင်းပိုင်းမှာ စပိန်စစ်ကြောရေး Spanish Inquisition ကာလမှာကတည်းက သုံးခဲ့တယ်။
စပိန်စစ်ကြောရေးဆိုတာ ၁၄၈၀ မှာ စပိန်ဘုရင်ဖယ်ဒီနန်နဲ့ ဘုရင်မ အစ်စဘယ်လာတို့ တည်ထောင်ခဲ့တဲ့ တရားရုံးကို ခေါ်တာဖြစ်ပါတယ်။ ( အဲဒါ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိတဲ့ ကိုလံဘတ်ကို ခရီးစရိတ် မစလိုက်တဲ့ နှစ်ယောက်လေ။ )တရားရုံးနာမည် အပြည့်အစုံက " မြင့်မြတ်သော စစ်ကြောရေးတရားရုံး " Tribunal of the Holy Office of the Inquisition ပါတဲ့။


ပိန်ဘုရင် ဖယ်ဒီနန်နဲ့ ဘုရင်မ အစ်စဘယ်လာ

သူတို့နှစ်ယောက်ဟာ သမိုင်းမှာ ကက်သလစ်ဘုရင်တွေလို့ နာမည်ကြီးတယ်။ကက်သလစ်ဘုရင်ဆိုတာ ကက်သလစ်ဘာသာကို ယုံကြည်စွာနဲ့ ကိုးကွယ် ဖြန့်ဖြူးတဲ့ အုပ်ချုပ်သူတွေကို ပုဒ်ရဟန်းမင်းကြီးကိုယ်တိုင်က အပ်နှင်းတဲ့ဘွဲ့ဖြစ်တယ်။ အဲဒီခေတ်က ပုဒ်ရဟန်းမင်းကြီးဟာ ဥရောပဘုရင်တွေတော်တော်များများအပေါ်မှာ အာဏာလွှမ်းမိုးခဲ့လေတော့ သူတို့နှစ်ယောက်ဟာ အဲဒီဘွဲ့ကို ရဖို့အရမ်းအားထုတ်ခဲ့တယ်။ အဲဒီကနေ စပိန်စစ်ကြောရေးဆိုတဲ့ တရားရုံးပေါ်လာပါတယ် ။ တိုတိုပြောရရင်တော့ သူတို့အုပ်ချုပ်တဲ့ တိုင်းပြည်ထဲမှာရှိတဲ့ ကက်သလစ်ခရစ်ယာန်မဟုတ်သူများအားလုံးကို ဖမ်းဆီးနှိပ်စက်တဲ့ တရားရုံးပါ။ ခရစ်ယာန်မှာတောင် ကက်သလစ်ဖြစ်မှ လွတ်တာ။ ဂျူးတွေ မွတ်စလင်တွေ တခြားခရစ်ယာန်ဂိုဏ်းကွဲကိုးကွယ်သူတွေဟာ ပြည်နှင်ဒဏ်မခံချင်ရင် ကက်သလစ်ဘာသာကို ပြောင်းရတယ်။ အဲလိုပြောင်းပြီးတဲ့သူတွေ သူတို့တကယ်ယုံကြည်ရာမူလဘာသာကို တိတ်တိတ်လေး ခိုးကိုးကွယ်နေမှာစိုးလို့ နည်းမျိုးစုံနဲ့ စွမ်းအားရှင်တွေသုံး၊ ဖော်ထုတ်၊ စစ်ဆေးတဲ့နေရာပါ။ ဆိုတော့ကာ အဲလိုဖမ်းပြီး စစ်တဲ့အခါသုံးတဲ့ နှိပ်စက်တဲ့ နည်းတွေထဲမှာ အထက်မှာ ပြောခဲ့တဲ့ waterboarding ဆိုတာလည်း ပါပါတယ်။ ရေနဲ့နှိပ်စက်တာမို့ ကိုယ်ပေါ်မှာ ဒဏ်ရာမကျန်ခဲ့တာကြောင့်သိပ်ကို အကြိုက်တွေ့တဲ့နည်းပါ။နောက်ပိုင်းမှာစစ်ကြောရေးတွေတော်တော်များများက ဒီနည်းကို သုံးခဲ့ကြတယ်။ ဒီနည်းဟာ ဂျနီဗာ ကွန်ဗန်းရှင်း လူ့အခွင့်အရေးတွေကို ချိုးဖောက်တယ်လို့ဆိုပါတယ်။ ဒီတော့ရိုက်စ်တစ်ယောက် ဒီနည်းကို သုံးဖို့ စီအိုင်အေကို အာဏာပေးခဲ့တယ်လို့သတင်းထွက်လာတော့ အရမ်းကို နာမည်ပျက်ပါတော့တယ်။ အီရတ်စစ်ပွဲဖြစ်ဖို့အားပေးခဲ့သူလို့သတင်းကြီးနေတဲ့အချိန်မှာ ဒီသတင်းကလည်း ထပ်ဆင့်နာမည်ပျက်စေခဲ့တယ်။ ယခုအချိန်ထိ နိုင်ငံရေးက အနားယူသွားတာတောင် သူ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရတုန်းဖြစ်ပါတယ်။
ရိုက်စ်ရဲ့ အမြဲတမ်းအဖြေကတော့ သူက အာဏာပေးခဲ့တာလုံးဝမဟုတ်ပါဘူး။ သမ္မတရဲ့ခွင့်ပြုချက်ကို စီအိုင်အေကို ယူသွားပေးရုံပါ တဲ့။ သမ္မတရဲ့သဘောကတော့ အမေရိကန်ကို ဒုက္ခပေးဖို့လာတဲ့သူမှန်သမျှကို နည်းမျိုးစုံသုံးပြီး ကာကွယ်မှာပါ လို့လည်း ဘုရှ်ကို အမြဲကာကွယ်ပြီး ပြောတတ်ပါတယ်။
ယောက်ျားတွေကြီးစိုးတဲ့ အိမ်ဖြူတော်ထဲရောက်လာတဲ့ ရိုက်စ်ဟာ သမ္မတဘုရှ်ရဲ့ အရေးပေးခြင်းခံရပေမယ့်စိန်ခေါ်မှုတွေနဲ့လည်း ကြုံရပါတယ်။ သူနဲ့မတည့်ဘူးလို့နာမည်ကြီးတဲ့တစ်ယောက်ကတော့ ကာကွယ်ရေးဝန်ကြီး ဒေါ်နယ်ရမ်းစ်ဖဲလ် Donald Rumsfeld ဆိုသူဖြစ်ပါတယ် ။ ရမ်းစ်ဖဲလ်က ရိုက်စ်ကို နိုင်ငံရေးသမားမဟုတ်ဘူး။ စာပေသမားသက်သက်။ ဆရာမလုပ်နေတာဘဲကောင်းတယ်။ အစိုးရအဖွဲ့မှာလုပ်ဖို့မကောင်းဘူး။ အုပ်ချုပ်ရေးပိုင်းကို ဘာမှမသိဘူးလို့ ဝေဖန်တယ်။ ရိုက်စ်ကလည်း သူ့ရဲ့ စတန်းဖိုဒ်တက္ကသိုလ်ကို အုပ်ချုပ်ရတဲ့ အတွေ့အကြုံဟာ မနည်းပါဘူး၊ ရမ်းစ်ဖဲလ်ဟာ လူမှုရေးမှာ မညက်ဘူး လို့ ပြန်လည်ချေပသတဲ့။ ဒါတွေကတော့ အိမ်ဖြူတော်ကထွက်တဲ့သတင်းပါ။ အင်တာဗျူးတွေမှာတော့ ရိုက်စ်က သံတမန်ပီသစွာ ဒေါ်နယ်ရမ်းဖယ်လ်နဲ့ မတည့်တဲ့ ကိစ္စကို ဘယ်တော့မှမပြောပါဘူး။ မီဒီယာတွေအများဆုံးကိုးကားကြတာကတော့ တခါက ဒေါ်နယ်ရမ်းဖယ်လ်ဟာ ရိုက်စ်ခေါ်တဲ့ အစည်းအဝေးကို သုံးကြိမ်မြောက်ပေါ်မလာတာမို့ လူတွေရှေ့မှာ ရိုက်စ်က ရှက်ဒေါသထွက်ပြီး ငိုတယ်လို့ဆိုပါတယ်။ ဒေါ်နယ်ရမ်းဖဲလ်ကို အဲဒီအကြောင်းမေးကြတော့သူက ရိုက်စ်ကို '' သူကဆရာမလေ၊ ထစ်ခနဲဆိုအစည်းအဝေးခေါ်ရတာဝါသနာပါတယ်။ လူတိုင်းကို တသဘောတည်းဖြစ်အောင်လုပ်ချင်နေတယ် '' လို့ဆိုသတဲ့။ ဘီဘီစီအင်တာဗျူးတစ်ခုမှာ ရိုက်စ်ကို အဲလိုငိုတယ်ဆိုတာ ဟုတ်လားလို့ ပေါ်တင်မေးတော့ ရိုက်စ်က မေးတဲ့သူကို ကျမပုံက အဲလို စိတ်ခံစားမှုကြောင့် ငိုတတ်တဲ့ပုံ ပေါက်နေလိုလား လို့ ပြန်မေးပြီး အဲဒီသတင်းမဟုတ်ကြောင်း၊ သူနဲ့ ရော်နယ်ရမ်းဖယ်တို့ဟာ အပြင်မှာ နှစ်ပေါင်းများစွာခင်မင်သူများဖြစ်ကြောင်း၊ ဒါပေမယ့်အိမ်ဖြူတော်အတွင်းမှာတော့နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဆိုတာ သဘောထားကွဲလွဲတာတခါတလေ ဖြစ်တတ်တာမဆန်းကြောင်း ပြေပြေလည်လည် ဖြေတတ်ပါတယ်။ သို့သော်သူတို့နှစ်ယောက်ယှဉ်တွဲပြီးရိုက်ထားတဲ့ဓါတ်ပုံတစ်ချို့ထဲမှာတော့နှစ်ယောက်လုံးမြင်တဲ့အတိုင်းပါဘဲ။
အရမ်းချစ်တာ
တုန်နေတာဘဲ



ရိုက်စ်ကိုဝေဖန်ကြတဲ့အထဲမှာ အကြီးဆုံးကတော့ အီရပ်စစ်ပွဲအကြောင်းပါ။ စီအိုင်အေ ထောက်လှမ်းရေးက နူကလီးယားလက်နက်မတွေ့ပါဘူးဆိုတဲ့ကြားကစစ်ကို ဆက်တိုက်လို့ပါ ။ အဲဒီအတွက် ကွန်ဂရက်မှာလည်း အစစ်ခံရပါတယ်။ မီဒီယာတွေကလည်း သူကို တိုက်ခိုက်ကြပါတယ်။ သူကတော့ အဲဒီအကြောင်းကို အမေးခံရတိုင်း - ရန်သူကတိုက်မှာကို ထိုင်စောင့်နေလို့မရကြောင်း၊ အစိုးရတစ်ရပ်ဟာ လုပ်စရာရှိတာကို မတွန့်မဆုတ်လုပ်ရမှာ ဖြစ်ကြောင်း၊ သူတို့အစိုးရအဖွဲ့ဟာ ပြည်သူတွေကို အတိုက်ခိုက်မခံရအောင် နည်းမျိုးစုံနဲ့ကာကွယ်ခဲ့တာဖြစ်ကြောင်း.......Today's headlines and the history judgement are hardly the same.ဒီနေ့သတင်းစာတွေမီဒီယာတွေက ခေါင်းစဉ်တွေဟာ သမိုင်းရဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်း၊ ဘုရှ်အစိုးရဟာ ရေရှည်သမိုင်းမှာတော့ နာမည်ကောင်းရမယ်လို့ထင်ကြောင်း ပြောတတ်ပါတယ်။
ရိုက်စ်ကို အိမ်ဖြူတော်ထဲမှာ Warrior Princess (စစ်သည်တော်မင်းသမီး) လို့ချစ်စနိုး ခေါ်ကြပါတယ်။၊ Steel Magnolia ရုပ်ရှင်ထဲ့ နူးညံပေမယ့် ထက်မြက်မာကြောတဲ့ ဇာတ်လိုက်မင်းသမီးပုံစံနဲ့တူလို့Steel Magnolia ( သံမဏိ Magnolia ပန်းပေါ့ ) စသည်စသည်ဖြင့် နာမည်တွေပေးထားကြပါတယ်။ အဲဒီထဲက '' အိမ်ဖြူတော်မှ ပန်းနက် '' ဆိုနဲ့ နာမည်ပြောင်ကလေး နာမည်ကြီးလာရတာကတော့ ရိုက်စ်ကို အရမ်းခိုက်နေခဲ့တဲ့ တို့များရဲ့ ဇာတ်လိုက်ကျော်ကြီး ၂၀၁၁ အောက်တိုဘာလမှာ မရှုမလှ အသတ်ခံလိုက်ရတဲ့ လစ်ဗျားအားဏာရှင် ကဒါဖီက ပေးခဲ့တာပါ။ ပေးခဲ့တာမှ ရိုက်စ်အကြောင်းကို သီချင်းရေးပြီးတော့ကို ဒီနာမည်ကို ပေးခဲ့တာဆိုဘဲ။ မိန်းမတွေဘယ်နှယောက်ယူထားပြီးမှန်းသူကိုယ်တိုင်တောင် သိပုံမပေါ်တဲ့ကဒါဖီဟာ သူ့လို အာဖရိက ဇစ်မြစ်ပါတဲ့ ရိုက်စ်တစ်ယောက် အိမ်ဖြူတော်က လူဖြူတွေကိုတောင် အမိန့်ပေးနိုင်တယ်။ ကမ္ဘာ့ခေါင်းဆောင်တွေကလည်း သူ့စကားကို အလေးထားရတယ်ဆိုတာကို သိပ်ကို ဂုဏ်ယူပြီး အဝေးကနေ ပေါ်တင်ကြီးကို ကြွေပြနေခဲ့ပါသတဲ့။လာသမျှ ဧည့်သည်တော်တွေကို သူ့ရဲ့ အချစ်လေး လီဇာ ဘယ်တော့လာမလဲဆိုတာတဖွဖွမေးသတဲ့။ အဲဂျာဇီးယာက သူ့ကို ဗျူးတာတစ်ခုမှာ သူက '' ထိုင်ခုံမှာ ကျကျနနမှီပြီး အမိန့်တွေပေးတတ်တဲ့လီဇာလေးကို သိပ်ချစ်တာဘဲ '' ဆိုပြီး တမ်းတမ်းတတ ရေရွတ်လိုက်ပါသေးတယ်။ ရိုက်စ်ကလည်း ကဒါဖီကြီးသူ့ကို ဒီလိုဖြစ်နေတာကို ကြားပေမယ့်အကြောင်းမရှိတော့မသွားဖြစ်ဘူး။ ငါ့နှယ်ကြိုက်မယ့်အကြိုက်ခံရတော့လည်း လူတိုင်းချဉ်ဖတ်ကြီးပါလား။ ငိုရမှာ ရီရမှာလားကိုယ့်လူ။ ဒီလိုနဲ့ ၂၀၀၈ ကျမှ ရိုက်စ်တစ်ယောက် အရမ်းကို အရေးကြီးတဲ့ ကိစ္စသုံးလေးခုနဲ့ လစ်ဗျားကို သွားဖို့အကြောင်းပေါ်လာပါတယ်။

ကဒါဖီနဲ့Tripoli မြို့နန်းတော် ဧည့်ခန်းမှာ တွေ့စဉ်။

ကဒါဖီက သူ့တဲ tent ထဲမှာတွေ့ရအောင်လို့ဆိုတော့ အောင်မလေး မလုပ်ပါနဲ့မီးမီးကြောက်ကြောက် ဆိုပြီး မြို့တော် Tripoli က နန်းတော်ဧည့်ခန်းထဲမှာတွေ့ဖို့ဘဲသဘောလိုက်တယ်။ ရိုက်ဟာ ဒီအချိန်တိုတွေ့ဆုံတဲ့ ခဏအတွင်းမှာကို ကဒါဖီကြီးတစ်ယောက် ဘယ်လောက်မူမမှန်ကြောင်း၊ ဘယ်လောက်စိတ်ရူးပေါက်နေကြောင်းကို သိခဲ့ပါတယ်။ အကောင်းစကားပြောနေရင်းက ဘာဖြစ်မှန်းမသိ ဒေါသတကြီးနဲ့ အခန်းထဲက စကားပြန်နှစ်ယောက်ကို အလုပ်ဖြုတ်ပစ်ပါသတဲ့။နိုင်ငံရေးအကြောင်းတွေပြောဆိုပြီးနောက် ညနေစာစားအပြီးမှာ ကဒါဖီက သူ့ကို ကိုယ်မင်းလေးအတွက် ဗီဒီယိုတစ်ခု ဖန်တီးထားတယ်တဲ့။ ဟိုက်...ပြသာနာဘဲ။ ဘာဗီဒီယိုကြီးပါလိမ့်။ ညစ်ညစ်ပတ်ပတ်တွေများလား။ တကယ်တော့ ဗီဒီယိုက အင်မတန်ရိုးသားတဲ့အကြောင်းအရာတွေပါ။ ရိုက်စ်နဲ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ တွေ့ဆုံတာကို ဟိုနည်းနည်းဒီနည်းနည်း ပေါင်းစပ်ပြီး နောက်ခံသီချင်း " အိမ်ဖြူတော်မှ ပန်းနက် A black flower in the White House " ဆိုတာကို ထည့်ထားတာပါ။ အဲဒါ ကိုယ်မင်းလေးအတွက် လစ်ဗျားက နာမည်ကြီး သီချင်းရေးဆရာကို တကူးတက ရေးခိုင်းထားတာ တဲ့။ ရိုက်စ်လည်း တော်ပါသေးရဲ့ ဆိုပြီး ဘာပြောရမှန်းမသိ အီလည်လည်နဲ့ ထွက်လာခဲ့ပါတယ်။ ကဒါဖီကြီး မရှုမလှအသတ်ခံရပြီး မြိုတော် Tripoli က ကဒါဖီရဲ့ နန်းတော်ကို လစ်ဗျား သူပုန်တွေက ၀င်မွှေတော့ ကွန်ဒိုလီဇာရိုက်စ်ရဲ့ ဓါတ်ပုံတွေထည့်ထားတဲ့ အယ်လ်ဘမ်တွေ ထွက်လာပါတယ်။ အပျိုကြီးမမ ရိုက်စ်တစ်ယောက်အတွက် ရီရအခက် ငိုရအခက် အဖြစ်ပါ။ သူ့ကို အဲဒီအကြောင်းမေးတိုင်း သူရဲ့ ကဒါဖီနဲ့ အတွေ့အကြုံကို ပြောပြတိုင်း ပရိသတ်ရော သူပါ တသောသောပါဘဲ။ ထူးဆန်းပါပေ့ကဒါဖီ။

ကဲ..စာဖတ်သူရေ။ ဒီလောက်ဆိုရင်တော့ ကွန်ဒိုလီဇာရိုက်စ်အကြောင်းကို အနည်းနဲ့ အများသိကြပြီလို့ ယူဆပါတယ်။ ကိုယ်တိုင်ရေးအထုပ္ပတိတွေမှာတောင် အကြောင်းအရာတိုင်း အကုန်ထည့်ရေးတာမဟုတ်။ ဒီလို facebook က note ကလေးနဲ့တော့ဘယ်လိုမှမပြည်စုံနိုင်ပါ။ဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ဆက်ပြီးသိချင်သေးရင် ရိုက်စ်ကိုယ်တိုင်ရေးအထုပ်ပတ္တိနှစ်အုပ်ရှိပါတယ်။ဒါက သူငယ်ငယ်ကအကြောင်းစာအုပ်။


ဒါကနိုင်ငံရေးနယ်ပယ်က ကြီးစဉ်ဘ၀ အကြောင်း။ ရိုက်စ်နဲ့ မတော်တဆလမ်းမှာတွေ့ရင်စာအုပ်ကြော်ငြာခတောင်းပေးဖို့မမေ့နဲ့နော်....D:.....။

credit By Springflower (Facebook)


အမေရိကန်၏ ပထမဆုံးလူမဲ အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် သို့မဟုတ် အိမ်ဖြူတော်မှ ပန်းနက်တစ်ပွင့် (အပိုင်း ၁ )


၆၆ ယောက်မြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် ( ဟီလာရီကလင်တန်၏အရှေ့)
ကွန်ဒိုလီဇာရိုက်စ် ဆိုတဲ့ နာမည်ကို ကြားရင် ချစ်သူထက် မုန်းသူများမှာ သေချာသလောက်ပါဘဲ။ မုန်းဆို သူ့ကို အီရတ်စစ်ပွဲဖြစ်အောင် မွှေသူတွေထဲက တစ်ယောက်လို့ယူဆသူတွေ မနည်းဘူးကိုး။ အထူးသဖြင့် အီရပ်စစ်ပွဲမှာ ကျဆုံးသွားတဲ့ အမေရိကန်နဲ့အမေရိကန်ဘက်က၀င်တိုက်လို့ကျသွားတဲ့ဥရောပ သြစတြေးလျ စတဲ့နိုင်ငံတွေကစစ်သားတွေရဲ့ကျန်ရစ်သူမိသားစုတွေအတွက်ပေါ့။ စီအိုင်အေထောက်လှမ်းရေးသတင်းတွေက ဆာဒမ်ဟူစိန်ဆီမှာ နျူကလီးယားမရှိဘူးလို့ပြောတာကို ရိုက်စ်ကလက်မခံဘဲ ခေါင်းမာစွာနဲ့ ငြင်းခဲ့လို့စစ်ဖြစ်ရတာလို့ယုံကြည်သူတွေအများကြီးရှိတယ်။အဲဒီစစ်ကြောင့် လူတွေများစွာသေကြရသလို စစ်စရိတ်လည်း ဒေါ်လာသန်းထောင်နဲ့ချီကုန်ပြီး တိုင်းပြည်စီးပွားရေးကို အကြီးအကျယ်ထိခိုက်ခဲ့တယ်။ နောက်ပိုင်းမှာ နျူးကလီးယားလည်းမတွေ့စစ်ကြောင့်စတေးလိုက်ရတဲ့ဆုံးရှုံးမှုကလည်း မနည်းတော့ဘုရှ်အစိုးရရဲ့ ဂုဏ်သိက္ခာဟာ ကုန်းကောက်စရာမရှိအောင်ကျပြီး အကြီးအကျယ်နာမည်ပျက်ရသူတွေထဲမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်က ထိပ်ဆုံးမှာပါပါတယ်။်။သူ့ကို စစ်ရာဇ၀တ်ကောင် ဆိုပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ အမေရိကန်နေရာအနှံအပြားမှာ ဖြစ်ခဲ့တယ်။

၀၀၇ မှာ အရှေ့အလယ်ပိုင်းကိစ္စနဲ့ ကွန်ဂရက်စ် မှာ အစစ်ခံဖို့ ၀င်လာတဲ့ ရိုက်စ်ကို သွေးပေတဲ့လက်လို ဖြစ်အောင် အနီသုတ်ထားတဲ့ လက်နဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူအမျိုးသမီးတစ်ဦးက စောင့်ပြီး မင်းဟာ စစ်ရာဇ၀တ်ကောင်ဘဲ လို့ အော်ဟစ်ခဲ့ပါတယ်။ လုံခြုံရေးရဲတွေက အချိန်မီတားပြီး အမျိုးသမီးကို အတင်းခေါ်ထုတ်သွားပေမယ့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့စဉ် ။

အခုထိတိုင် နိုင်ငံရေးက အနားယူသွားပေးမယ့်သူသွားလေရာမှာ ဝေဖန်မှုတွေနဲ့ မပြတ်တွေ့နေရဆဲပါ။ ဒါပေမယ့်ကောင်းတဲ့သူတိုင်း အကုန်ကောင်းနိုင်ခဲသလို ဆိုးတဲ့သူတိုင်းလည်း အကုန်ဆိုးတယ်လို့မရှိပါဘူး။ သူမဟာ လေးစားဦးညွှတ်စရာကောင်းတဲ့သူမဟုတ်ပေမယ့် အင်မတန်အနှိမ်ခံရတဲ့ လူမည်းဘ၀ကနေ ကမ္ဘာပေါ်မှာ ပါလေရာ ငါးပိချက် လူတွင်ကျယ် လုပ်နိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးထိ ရောက်အောင် လှမ်းတက်နိုင်ခဲ့တဲ့ အတွက် အားကျချီးကျူးသူတွေကတော့ ဒုနဲ့ ဒေးပါဘဲ။လူမဲတွေထဲက နိုင်ငံခြားရေးဝန်ကြီးတက်ဖြစ်တဲ့ ပထမဆုံးလူမဲအမျိုးသမီးဖြစ်ပါတယ်။ ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းကြီး က နှစ်စဉ် ပြုစုတဲ့ ကမ္ဘာ့ သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း ( list of the world's 100 most influencial people ) မှာ ၄ ကြိမ်ဖော်ပြခြင်းခံရဖူးတယ်။ ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးက ရိုက်စ်ကို ၂၀၀၄ နဲ့ ၂၀၀၅ ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ( the most powerful woman in the world ) အဖြစ် ဖော်ပြခဲ့ဖူးတယ်။
အခုလက်ရှိ နိုင်ငံရေးကအနားယူသွားပေမယ့် ပညာရေးလောကမှာ ထိတ်ထိတ်ကျဲ ဟားဗတ်ကဲ့သို့တက္ကသိုလ်ကြီးတွေက တကူးတကဖိတ်ကြားခံရတဲ့နိုင်ငံရေး သိပ္ပံပညာရှင်ပါ။ သူသွားပြီး ဟောပြောတဲ့ တက္ကသိုလ်တွေမှာ အမြဲတမ်းလိုလို ခန်းလုံးပြည့်လာနားထောင်ကြသလို အခန်းပြင်ကနေ သူ့ကို ဆန္ဒပြကန့်ကွက်တဲ့သူတွေလည်း အမြဲတမ်းရှိပါတယ်။ ကဲ..ဒီလို လူတွေကို အားလည်းကျစေ မုန်းလည်း မုန်းစေတဲ့ ကွန်ဒိုလီဇာရိုက်စ်အကြောင်းကို တို့အားလုံးကို အထောက်အကူ ပြုမယ့်ဘက်ကနေ လေ့လာကြည့်ရအောင်။( သပွတ်အူလို ရှုပ်တဲ့နိုင်ငံရေးတွေကိုတော့ ခဏဘေးဖယ်ထားလိုက်ကြစို့။ စီအိုင်အေထောက်လှမ်းရေးဘာလုပ်တယ်ဆိုတာ သမ္မတတောင် အကုန်သိတဲ့ကိစ္စမဟုတ်ဘူးမဟုတ်လား။ ဒို့လို ပိစိကွေးလေးတွေကအဖို့တော့ ရှိတဲ့ဦးနှောက်လေးတွေကို အကျိုးရှိရာမှာ သုံးပြီး အတုယူစရာလေးတွေ ရှာကြည့်ရအောင်။ )

ဟားဗတ်တက္ကသိုလ်ဟောပြောပွဲတစ်ခုမှ ရိုက်စ် ။

အမည်အပြည့်အစုံ ...........ကွန်ဒိုလီဇာ ရိုက်စ် ( Condoleezza Rice )

မျိုးရိုးအမည် .....ရိုက်စ် ( Rice )

မွေးရပ်ဇာတိ .....ဘာမင်ဟန်မြို့ ( Birmingham ) ၊အာလာဘားမား ( Alamabama ) ပြည်နယ် ၊အမေရိကန်ပြည်ထောင်စု

မွေးသက္ကရစ် .....၁၉၅၄ နိုဝင်ဘာ ၁၄

ပညာအရည်အချင်း ....နိုင်ငံရေးသိပ္ပံ ( B.A and Ph.D in Political Science , University of Denver )

.....( M.A in Political Science ,University of Notre Dame )

ပညာရေးရာထူး ......Professor,Provost at Standford University

နိုင်ငံရေးရာထူး ......ဆိုဗီယက်အရေး ကျွမ်းကျင်သူ Soviet expert ( Bush Senior လက်ထက် )
......သမ္မတ George W.Bush လက်ထက် နိုင်ငံတော် လုံခြုံရေး အကြံပေး National Sicurity Advisor

......သမ္မတ George W.Bush လက်ထက် နိုင်ငံခြားရေး ၀န်ကြီး Secratary of State

ကျွန်မိသားစု တစ်စု

ကွန်ဒိုလီဇာရိုက်စ်ရဲ့ အကြောင်းကို ပြောရရင် သူ့ရဲ့ လူမဲဇစ်မြစ်ကို ချန်ထားလို့မရပါဘူး။ သူ့အဖိုးအဖွားတွေဟာ ကျွန်ခေတ်မှာ မွေးတဲ့ လူမဲတွေ ဖြစ်ပြီး သူ့အဖေအမေလက်ထက်မှာလည်း ကျွန်ခေတ်မပျောက်သေးပါဘူး။ သူ့အဖေရဲ့ အဖွား ( ရိုက်စ်ရဲ့ အဖီး) ဟာ ကျွန်ပေမယ့် ကံကောင်းချင်တော့ စာဖတ်တတ်သူ ဖြစ်တယ် ။ မျက်စိတစ်ဆုံးမြင်တတ်တဲ့ ရိုက်စ်ရဲ့ အဖီးဟာ အဲဒီခေတ်မှာ ကျွန်ဖြစ်ရပေမယ့် သူ့ရဲ့ နောက်မျိုးဆက်တွေ လွတ်လပ်သူတွေအဖြစ် နေနိုင်ဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာကို သိခဲ့တယ် ။ပညာတတ်ရင် ဘ၀ကို ပြောင်းလဲနိုင်တယ်လို့ လုံးဝယုံကြည်သူဖြစ်တယ်။ ဒါကြောင့် သူ့သားသမီးတွေအားလုံး (ရိုက်စ်အဖိုးအပါအ၀င် ) ကို စာဖတ်တတ်အောင် သင်ပေးခဲ့တယ် ။ ရိုက်စ်ရဲ့အဖိုး ဂျွန်ဟာလည်း သူ့အမေရဲ့ ကျေးဇူးကြောင့် စာဖတ်တတ်ခြင်း ဆိုတာကို အင်မတန်မှ တန်ဖိုးထားခဲ့တယ် ။ အခုဒီစာကို ဖတ်နေသူတွေအားလုံးဟာ စာဖတ်တတ်လို့သာ ဒီအကြောင်းကို ဖတ်နေတာပေါ့နော် ။ ဒီတော့ ကျမတို့ဟာ ရိုက်စ်ရဲ့ ဖိုးဖိုးဖီးဖီးတွေ တခုတ်တရ သင်ခဲ့ရတဲ့ စာဖတ်တတ်ခြင်းဆိုတာကို ပိုင်ဆိုင်ထားတယ် ။ အဲဒီ စာဖတ်တတ်ခြင်း ဆိုတာကြီးဟာ အင်မတန် တန်ဖိုးကြီးတယ်ဆိုတာမမေ့ဖို့ သတိပေးပါရစေ။ ဒီစာဖတ်တတ်ခြင်းဆိုတဲ့ သော့နဲ့ ဗဟုသုတုတံခါးပေါက်တွေကို တစ်ပေါက်ပြီးတစ်ပေါက် ဖွင့်သွားပြီး ဘ၀ကို ပြောင်းလဲနိုင်လို့ပါဘဲ။

ဆက်ပြောရရင် စာဖတ်တတ်တဲ့ ရိုက်စ် ရဲ့ အဖိုး ဂျွန်ဟာ လယ်ငှားလုပ်သူပါ။ နေ့စဉ်နေ့တိုင်း လယ်ထဲမှာ ရုန်းရပေမယ့် အတန်းစာဆယ်တန်းကို မဖြစ်ဖြစ်အောင် တက်ခဲ့တယ် ။ ၁၉ နှစ်သားမှာ ဂျွန်ဟာ ကောလိပ်တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ လူမဲတစ်ယောက်ဟာ ကောလိပ်ကို ဘယ်လိုနည်းနဲ့ တက်လို့ရသလဲဆိုတာကို သူဟာ စတင်စုံစမ်းပါတော့တယ်။ ဒီတော့ သူတို့နေတဲ့ မြို့လေးနဲ့ မိုင် ၃၀ လောက်အကွာမှာ ဘာသာရေးကောလိပ်တစ်ခုရှိတယ်ဆိုတာကို သိလာတယ် ။ ဒီတော့သူဟာ အဲဒီမှာ ပထမနှစ်ကို သွားတက်တယ်။ ပထမနှစ်စာသင်ခအတွက် သူလယ်ကထွက်တဲ့ ၀ါဂွမ်းကို ပေးလိုက်ရတယ် ။ ဒုတိယနှစ်ကျတော့ ပေးစရာ ၀ါဂွမ်းမကျန်တော့ဘူး ။ကျောင်းကလည်း သူ့ကို ဒီအတိုင်းတော့ အလကားပေးမတက်နိုင်ဘူးလို့ ပြောလာပါတယ် ။ဒီတော့ သူဟာ အခကြေးငွေမပေးရဘဲ ကောလိပ်ဆက်တက်ရမယ့်နည်းကို စုံစမ်းကြည့်တော့ သင်းအုပ်ဆရာလုပ်ရင်တော့ ပညာသင်ဆုကို ရနိုင်တယ်လို့ပြောကြတယ်။ ဒီတော့သူက --ဟာ ..အတော်ဘဲ ။ ကျနော်လည်း သင်းအုပ်ဆရာ လုပ်ချင်နေတာနဲ့ --ဆိုပြီး ချော်လဲရောထိုင်လုပ်လိုက်ပါသတဲ့ ။ဒီလိုနဲ့ဘဲ သူ ဟာ ပညာတတ်ချင်တဲဇောနဲ့ သင်းအုပ်ဆရာဖြစ်လာတယ် ။ သူ့ရဲ့ပညာရေးကို အင်မတန် တန်ဖိုးထားခဲ့ခြင်းဟာ ရိုက်စ်အပါအ၀င် နောက်ပိုင်းမျိုးဆက်တွေ ထိတ်ထိတ်ကြဲ ပညာတတ်ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းတစ်ခုပါဘဲ ။ ရိုက်စ်တစ်ယောက်တင် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းရာထူးမျိုးကို ရခဲ့တာမဟုတ်ပါဘူး။ သူ့ရဲ့ မောင်နှမ၀မ်းကွဲတွေထဲမှာ ရှေ့နေတွေ၊ ကမ္ဘာ့ဘဏ်ရဲ့ ထိတ်တန်းနေရာရထားသူတွေ၊ တက္ကသိုလ်ဆရာဆရာမတွေ ပါပါတယ်လို့ ရိုက်စ်က အင်တာဗျုးတွေမှာ မကြာခဏ ပြောလေ့ရှိတယ် ။

ကျွန်ခေတ် ၀ါခင်းထဲမှ လူမဲကျွန်များ



ဂျွန်ဟာ သင်းအုပ်ဆရာပေမယ့် ဘာသာရေးကိုချည်း ဟောပြောနေတာမျိုးမဟုတ်ဘဲ သူ့ဘုရားကျောင်းလေးရဲက ဘေးမှာ Sunday School ဖွင့်ပြီး ကလေးတွေကို ပညာသင်ပေးတယ်။ သူပြောင်းရတဲ့ နေရာတိုင်းမှာ ဘုရားကျောင်းဘေးမှာ Sunday School ကို မဖြစ်မနေဖွင့်တယ်။ သူကိုယ်တိုင် ကျောင်းဆရာဆရာမတွေနဲ့ သွားပြီး ညှိနှိုင်းတိုင်ပင်တယ်။ကလေးကို ကျောင်းမထားတဲ့ မိဘတွေရဲ့အိမ်ကို ကိုယ်တိုင်သွားပြီး ကလေးကိုကျောင်းထားဖို့ပြောတယ်။ ကလေးတွေအတွက်ပညာသင်ဆုရအောင် လုပ်ပေးတယ်။ ဆရာ ဆရာမတွေကလည်း သူ့ရဲ့ Sunday School မှာလာပြီး ကူညီကြတယ်။
သူ့သားသမီးအရင်းတွေဖြစ်တဲ့ရိုက်စ် အဖေနဲ့ အဒေါ်တို့ ပညာတတ်ဖြစ်လာတယ်ဆိုတာ ပြောဖို့လိုမယ်မထင်တော့ပါဘူးနော် ။ရိုက်စ်အဖေက ကောလိပ်တတ်ပြီး သင်းအုပ်ဆရာဖြစ်လာပြီး ပညာဖြန့်ဖြူးရေးအလုပ်ကို ဆက်လုပ်ခဲ့တယ်။ ရိုက်စ်ရဲ့ အဒေါ် တေရေဇာ ကတော့ ပညာအရာမှာပိုပြီး လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ပါတယ် ။ဘာကြောင့်လဲဆိုတော့ သူဟာ တက္ကသိုလ်ဒီဂရီထိရခဲ့ပြီး ၁၉၅၂ မှာ အင်္ဂလိပ် ဗစ်တိုးရီးယန်းစာပေ ( Victorian literature ) နဲ့ Ph.D ဘွဲ့ကို ရခဲ့တဲ့ ပထမဆုံး လူမဲအမျိုးသမီးဖြစ်လာတယ် ။ ဗစ်တိုးရီယန်းခေတ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ စာရေးဆရာ Charles Dickens အကြောင်းကို စာအုပ်တွေ ရေးခဲ့တယ်။

န်ဒိုလီဇာ ရိုက်စ်နဲ့ သူ့အမေ



ရိုက်စ်ဟာ အခု အချိန်ထိ သူ့အဖိုးအကြောင်းကို တသသ ပြောနေရတဲ့ အကြောင်းတစ်ခုရှိတယ် ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ၂၀ ရာစုရဲ့ အကြီးဆုံး စီးပွားပျက်ကပ်ကြီးဆိုက်ရောက်လို့လူတွေငတ်ပြတ်နေချိန်မှာ ရိုက်စ်အဖိုးဟာ တစ်နေ့ တော့ရွှေရောင်ဖောင်းကြွစာလုံးတွေပါပြီး သားရေအဖုံးတပ်ထားတဲ့ရှိတ်စပီးယား၊ ဗစ်တာဟူဂို နဲ့တခြားနာမည်ကြီးစာရေးဆရာတွေရေးတဲ့ စာအုပ်ကြီးကိုးအုပ်ပိုက်ပြီး ၀မ်းသာအားရ အိမ်ပြန်လာတယ်။ သူ့မိန်းမဖြစ်သူက ခေတ်ပျက်ကြီးထဲမှာ မိသားစုစားဝတ်နေရေးကို စီမံနေရသူပီပီ အဲဒါတွေ ရှင်ဘယ်လောက်ပေးပြီး ၀ယ်လာတာလဲ လို့ အလန့်တကြားမေးပါတယ် ။ ဒေါ်လာ ၉၀ ပါတဲ့ ( လွန်ခဲ့တဲ့ အနှစ် ၈၀ လောက်က ဒေါ်လာ ၉၀ ရဲ့ တန်ဖိုးကို မှန်းကြည့်ပါ )။ စိတ်မပူပါနဲ့ မိန်းမရယ် ။တစ်လ ၃ ဒေါ်လာနှုန်းနဲ့ သုံးနှစ်လောက် ဆပ်ရင် ကျေသွားမှာပါ တဲ့ ။ သူ့မိန်းမက အတင်းပြန်သွားပေးခိုင်းပေမယ့် သူခေါင်းမာစွာနဲ့ ယူထားလိုက်တယ် ။အဲဒီစာအုပ်တွေထဲက အသက်နဲ့ကိုယ် မြဲနေခဲ့တဲ့ ငါးအုပ်ဟာ အခုထက်ရှိ Standford တက္ကသိုလ်က ရိုက်စ်ရဲ့ ရုံး ဧည့်ခန်းထဲက စားပွဲပေါ်မှာ ရှိနေပါသေးတယ် ။ ရိုက်စ် နိုင်ငံရေး သိပံ္ပနဲ့ Ph.D ရတဲ့နေ့မှာ ရိုက်စ် အဖေက ဒီစာအုပ်တွေကို လက်ဆောင်အနေနဲ့ လက်ဆင့်ကမ်းခဲ့တာပါ ။

ဖဖေ မေမေ နဲ့ ရိုက်စ်

ရိုက်စ် အမေဘက်ကလည်း ပညာနဲ့ပတ်သက်ရင် မခေပါဘူး။ ရိုက်စ် အမေဖက်က အဖိုးဟာ ကောလိပ် ပညာတတ်တော့မဟုတ်ခဲ့ဘူး။ ဒါပေမယ့်စီပွားရေးတော့ အမျိုးမျိုးလုပ်တတ်ခဲ့တယ်။ ကျောက်မီးသွေးကျင်းမှာ အင်ဂျင်နီယာအဖြစ်လုပ်ခဲ့ပြီး ပိတ်ရက်တွေမှာ အိမ်တွေလိုက်ဆောက်ပေးတယ် ။အခါအာလျော်စွာလည်း ပန်းပဲအလုပ်ကို လုပ်လေ့ရှိတယ် ။ ရိုက်စ်အဖွားကတော့ သူ့ခေတ်မှာဆို ပညာတတ်လို့ ပြောလို့ရပါတယ်။ ဂီတကျောင်းဆင်းဖြစ်ပြီး စန္ဒရားကို ကျွမ်းကျွမ်းကျင်ကျင်သင်ယူတတ်မြောက်ခဲ့တယ်။ သူတို့ခေတ်မှာ ဒီလောက်တတ်တာဟာ နည်းတဲ့အဆင့်မဟုတ်ပါဘူး။

အမေနဲ့ အဖွားကဲ့သို စန္ဒရားဝါသနာပါသူ

ဒီနေရာမှာ ရီစရာလည်းကောင်း အတုယူစရာလည်း ကောင်းတဲ့အဖြစ်တစ်ခုရှိပါတယ်။ ရိုက်စ်အမေမှာ မောင်နှမငါးယောက်ရှိတာ နှစ်ယောက်ဘဲ ပညာကို တည့်တည့်မတ်မတ် ရှောရှော ရှူရှူ ဆုံခန်းတိုင်ခဲ့တယ်။ နောက်သုံးယောက်ဖြစ်တဲ့ ရိုက်စ်ရဲ့ဦးလေးနှစ်ယောက်နဲ့ အဒေါ်တစ်ယောက်ဟာ ပညာတစ်ပိုင်းတစ်စမှာ လမ်းလွဲမလိုဖြစ်ခဲ့တယ် ။ အကြောင်းကတော့ ရိုက်စ်ရဲ့ ဦလေးတစ်ယောက်ဟာ ကောလိပ် တစ်ဝက်တစ်ပျက်မှာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရပြီး တခြားနယ်ကို စီးပွားရှာဖို့ထွက်သွာခဲ့ပါသတဲ့။ သားသမီးတွေအားလုံး ပညာတတ်ဖြစ်ရမယ်လို့စိတ်ပိုင်းဖြတ်ထားတဲ့ ရိုက်စ် အဖိုးဟာ သူ့သားထွက်သွားတဲ့ ပင်စာဗေနီးယားပြည်နယ်ထိ တကူးတကကို ပြန်လိုက်ခေါ်ပြီး ကောလိပ်ကို ပြန်အပ်ခဲ့တယ်။ ပညာသင်ဆုလျောက်ပေးခဲ့တယ် ။ဒီလိုနဲ့ရိုက်စ် ဦလေးဘွဲ့ရသွားခဲ့တယ်။ နောက်ဦးလေးတစ်ယောက်ကလည်း တက္ကသိုလ်ကို ရောက်ပြီးမှ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းထွက်သွားပြန်ပါတယ် ။ရိုက်စ်တို့ အဖိုးဟာ အရင်နည်းအတိုင်း သားကိုလိုက်ခေါ် ကျောင်းပြန်အပ် ပြီး ဘွဲ့ရစေခဲ့တယ် ။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ ရိုက်စ်အဒေါ်လည်း ထို့နည်းလည်းကောင်းပါဘဲ၊ ကျောင်းကထွက်ပြီး နယူးယောက်က ချစ်ချစ်ဆီကို ထွက်သွားပါသတဲ့ ။ ရိုက်စ်တို့အဖိုးလည်း ဘာရမလဲ ။ အရင်လိုဘဲ ရထားတတန်စီးပြီး သမီးကို လိုက်ခေါ် ကောလိပ်ပြန်ပိုလိုက်တာ့နောက်ဆုံး ကောလိပ်ဘွဲတင်မက မာစတာဘွဲ့တင်မကဘဲ Ph.D အထိရလို့ အခုဆို ဆရာမဖြစ်နေပါပြီ ။ဒီလောက်ဆိုရင် ဟောဒီစာရဲ့ ဇာတ်လိုက်မမ ဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်ရဲ့ ဘိုးဘွားဆွေမျိုးတွေအကြောင်းကို ပရိသတ်ကြီး ရိပ်ဖမ်းသံဖမ်းတော့သိကြပြီလို့ ထင်ပါတယ် ။ဟုတ်ပါတယ်။ သူတို့ဟာ ပညာအတွက်ကို ဘာမဆိုလုပ်မယ်ဆိုတဲ့အထဲမှာ ပါပါတယ်။( တင်စားပြီးပြောတာနော်။ ပညာအတွက်ဆို ဟိုဟာကောလုပ်မလား ဒီဟာကောလုပ်မလား။ စပွန်ဆာကောယူမလားလို့ ကပ်မတွေးပါနဲ့ဦး။ ပြောချင်တာလမ်းလွဲကုန်ဦးမယ်။ )။ ပြောချင်တာက ဘိုးဘေးတွေလက်ထက်မှာ သူများခိုင်းဖတ်ကျွန်ဖြစ်ခဲ့ရတယ် ။ အဖေတွေလက်ထက်မှာ လူမဲတွေလွတ်လပ်ရေး ရလာပြီဆိုပေမယ့် အဖိနှိပ်ခံရတုန်းပါဘဲ ။ဒီဘ၀တွေက လွတ်ဖို့ပညာသာကိုးကွယ်ရာဆိုတာကို သဘောပေါက်တဲ့ လူတွေပါ ။ပညာရဲ့ ပြောင်းလဲနိုင်တဲ့ ပါဝါအပေါ်မှာ အကြွင်းမဲ့ယုံကြည့်ခဲ့ကြတယ်။ယုံကြည်တဲ့ အတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ဘယ်လောက်များလည်းဆိုရင် ရိုက်စ်ငယ်ငယ်တုန်းက ရှိစုမဲ့စုပိုက်ဆံနဲ့ မကြာခဏဆိုသလို မိသားစုပျော်ပွဲစားထွက်ကြပါသတဲ့။ သူ့အဖေနဲ့ အမေဟာ တစ်ဦးတည်းသောသမီးရိုက်စ်တင်မက ရိုက်စ်ရဲ့ဝမ်းကွဲမောင်နှမတွေကိုပါ သူတို့ပျော်ပွဲစားထွက်တာမှာခေါ်သွားလေ့ရှိတယ်။ ပျော်ပွဲစားထွက်တယ်ဆိုလို့ မြကျွန်းသာတို့ ဟက်ပီးဝေါလ်တို့ သွားတယ်ထင်လားဟင် ။ ကလေးတွေကို ကောလိပ်တွေ တက္ကသိုလ်တွေရဲ့ Campus တွေကို သွားပြကြတာပါတဲ့။ တခါတလေ သူတို့မြို့နဲ့ မိုင်ရာချီဝေတဲ့တက္ကသိုလ်ကောလိပ်တွေကို လိုက်ပြလေ့ရှိတယ်။ ကောလိပ်ဆိုတာ တစ်ချိန်မှာ မဖြစ်မနေသွားရမယ့်နေရာတစ်ခုလို့ကို ကလေးတွေရဲ့ ခေါင်းထဲမှာ စွဲနေစေခဲ့တယ်။ ရိုက်စ် အင်တာဗျူးတွေမှာ သူ့ဘ၀အကြောင်းကို ပြောတိုင်း မကြာမဏထည့်ပြောလေ့ရှိတာက '' ကျမမိဘတွေက ကျမကို ကောလိပ်တက်ချင်သလား'' လို့ဘယ်တော့မှ မမေးပါဘူး ။ '' ဘယ်ကောလိပ်ကိုတက်မလဲ '' လို့သာ မေးတာပါ တဲ့။ ရိုက်စ်နဲ့ အတူပညာသင်ခဲ့တဲ့ ဆွေမျိုးသားချင်းတွေဟာလည်း အခုဆိုရင် ပညာတတ်တွေ ဖြစ်လို့ ရာထူးကြီးကြီးတွေမှာ တင့်တင့်တယ်တယ် နေနိုင်ကြသူတွေပါ ။သူတို့အားလုံးတစ်ညီတစ်ညွတ်ထဲ ပြောလေ့ရှိတာကတော့ ရိုက်စ် မိဘ တွေရဲက ကျေးဇူးဟာ သူတို့အပေါ်အများကြီးတင်နေပါတယ် တဲ့။

အသက် ၃၈ နှစ်တွင် Standford တက္ကသိုလ်၏ အသက်အငယ်ဆုံးအမျိုးသမီး provost ဖြစ်စဉ်



ရိုက်စ်အဖေရဲ့ ဘုရားကျောင်းမှာ အင်္ဂါနဲ့ ကြာသာပတေးနေ့ညတိုင်းလည်း ကျောင်းတွေက ဆရာဆရာမတွေလာပြီးလုပ်အားပေးကြတယ်။ သင်္ချာ၊ သပံ္ပ ၊ ဘာသာစကားတွေကို သင်ပေးကြတယ်။ ရိုက်စ်အမေက စန္ဒရားနဲ့အင်္ဂလိပ်စာသင်တယ်။ အနီးအနားက ကလေးတွေနဲ့ တရုံးရုံးပါဘဲ။ ဒီလိုနဲ့ အနီးအနားက ပိုက်ဆံမဲ့အနှိမ်ခံလူမဲတွေအားလုံးအတွက် ပညာရေးအ၀န်းအ၀ိုင်းကို ဖန်တီးပေးခဲ့တယ်။ ဖြစ်ချင်တော့ ရိုက်စ်တို့ အာဖရိကကလာတဲ့လူမည်းခရစ်ယာန်တွေက ဘုရားကျောင်းမှာ သီချင်းမြူးမြူးကြွကြွတွေနဲ့ ကခုန်တာလုပ်လို့ရတယ်။ ဒါတွေကလည်း ကလေးတွေကို ဆွဲဆောင်မှု ဖြစ်စေခဲ့တယ်။ ရိုက်စ်အဖေကိုယ်တိုင် ( ရိုက်စ်အဖိုးလုပ်ခဲ့သလို ) အိမ်တွေကို သွားပြီး ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေကို ပြောတယ်။ ပညာသင်ဆုတွေလျောက်ပေးတယ်။ သူတို့သင်ပေးလိုက်တဲ့ကလေးတွေဟာ နောက်ပိုင်းမှာ နာမည်ကြီး အားကစားသမားတွေ၊ တက္ကသိုလ်ကျောင်းအုပ်တွေ ၊ပူလစ်ဇာဆုရ စာရေးဆရာတွေ ၊နာမည်ကြီး ဂျာနယ်လစ်တွေ ၊ ဆေးရုံအုပ်တွေ စာကြည့်တိုက်မှုးတွေ ဖြစ်လာခဲ့ကြတယ် ။
လို ပညာနံ့သင်းထုံတဲ့ အသိုင်းအ၀ိုင်းဖြစ်အောင် လုပ်ရတာ မလွယ်ပါဘူး။ ဒီလောက်လုပ်ပေးမှတော့နိုင်ငံခြားရေးဝန်ကြီး တက်ဖြစ်တာ မဆန်းပါဘူးလေ ..ငါသာဆို သမ္မတလောက်တော့အသာလေး ဖြစ်ပါတယ်လို့ စာဖတ်သူ တွေးနေလောက်ပြီနဲ့တူတယ်။ တွေးပါ။ တွေးပါ။ တားပါဘူး။ လေထဲတိုက်အိမ်ဆောက်ရတာ ပိုက်ဆံပေးရတာ မှတ်လို့။ ဒါပေမယ့် ရိုက်စ်မွေးလာတဲ့ ခေတ်ကို နည်းနည်းလေ့လာကြည့်ရအောင်။

မဲတွေကို အကြမ်းဖက်နှိပ်ကွပ်သော လူဖြူများ။

ကျွန်စနစ်ကို ပျက်သုန်းသွားစေတဲ့ အမေရိကန်ပြည်တွင်းစစ်ဟာ ၁၈၆၅ မှာပြီးတယ်။ ဒီတော့ ရိုက်စ်မွေးတဲ့ ၁၉၅၄ မှာ လူမည်းတွေလွတ်လပ်ရေးရတာ အတော်ကြာလှပေါ့။ဒါပေမယ့် လူမျိုးရေးစိတ်ဓါတ်ပြင်းထန်တဲ့ ကျွန်စနစ်ကို လိုလားတဲ့ လူဖြူတွေဟာ စစ်ပြီးကတည်းက နည်းအမျိုးမျိုးနဲ့ လူမည်းတွေကို နှိပ်ကွပ်လာလိုက်တာ ရိုက်စ်ကို မွေးလို့တော်တော်ကြာတဲ့အထိပါဘဲ ။အစိုးရအဖွဲ့ထဲမှာကို လူမဲမုန်းသူတွေပါနေတော့ကြောင့် ဒီနှိပ်ကွပ်မှုဟာ နှစ်ရာချီ ကြာနေခဲ့တယ် ။စစ်ပြီးပြီးချင်းကို လူဖြူအကြမ်းဖက်တွေ ပေါ်လာလို့ လူမည်းတွေဟာ ကျီးလန့်စာစား ဖြစ်နေခဲ့ရတယ်။

ရဲကပါ လူမဲကို နှိပ်ကွပ်နေပုံ

ရိုက်စ်ကို မွေးတဲ့ အာလာဘားမားပြည်နယ်ဟာ ကျွန်စနစ်ခေတ်စားခဲ့ရာ အမေရိကန်တောင်ပိုင်းမှာရှိတယ်။ ရိုက်စ်တို့ ဘာမင်ဟန်မြို့မှာလည်း လူမည်းတွေ အများကြီးရှိတော့အဲဒီနှိပ်ကွပ်မှုတွေကို ခါးဆီးခံခဲ့ကြရတယ်။ ရိုက်စ် ၁၁ နှစ်အရွယ်မှာ အကြမ်းဖက်တွေက ရိုက်စ်တို့ဘုရားကျောင်းလေးနားက ဘုရားကျောင်းကြီးတစ်ခုကို ဒိုင်းနမိုက်နဲ့ဖောက်လို့ လူမဲလေးယောက်သေတဲ့အထဲမှာ သူ့အတန်းဖော်သူငယ်ချင်းတစ်ယောက်ပါသွားတယ်။ ညတွေမှာ မျက်နှာကို အုပ်ထားတဲ့လူတွေဟာ အိမ်တွေကို ၀င်စီး ပစ္စည်းယူ လူသတ်တာတွေကိုလုပ်တယ်။

သတ်ခံထားရသောလူမဲများအား လူစဉ်ကားရာနေရာများတွင်ထားခြင့်ဖြင့် ချောက်လှန့်စဉ်

သတ်ထားတဲ့ လူသေအလောင်းတွေကို လူစည်ကားရာနေရာတွေမှာ ကားစင်တင်တာတို့ သစ်ပင်မှာ ချိတ်ဆွဲတာတို့လုပ်ပြီး လူမဲတွေကို ခြောက်လှန့်ခဲ့တယ်။ အစိုးရအဖွဲ့မှာ လူမည်းတွေကို မလိုလားတဲ့ ဒီမိုကရက်တွေအာဏာရလာတော့ လူမည်းတွေကို ခွဲခြားဆက်ဆံရေး ပိုပြင်းထန်လာခဲ့တယ်။ အဲဒီမှာတင် Jim Crow Law ဆိုတဲ့ ဥပဒေပေါ်လာပါတော့တယ်။ အဲဒီဥပဒေအကြောင်းနည်းနည်း လျှာရှည်ပါရစေ။ဟဲဟဲ..ဖတ်လက်စနဲ့တော့မထူးပါဘူး။ ဆက်ဖတ်လိုက်ပါနော်။ ဗဟုသုတပေါ့ ။



Jim Crow ဆိုတဲ့နာမည်က Jump Jim Crow ဆိုတဲ့ သီချင်းကလာတာပါ။ တိုတိုပြောရရင် လူမည်းတွေကို နှိမ်တဲ့သီချင်းပေါ့။ ဟိုးအရင် ကျွန်ဝါဒရှိကတည်းက လူဖြူလူရွှင်တော်တစ်ယောက်ကဆိုခဲ့တဲ့သီချင်းပါ။ သိကြတဲ့အတိုင်း Crow ဆိုတာ ကျီးကန်းမဟုတ်လား။ လူမည်းတွေကို ဆိုလိုတာပေါ့။ ဒီသီချင်းပေါ်လာပုံကို ဘယ်သူမှအသေအချာမသိပေမယ့် အရပ်စကားတစ်ခုကို ကိုးကားရရင်တော့ တစ်ခါက ကျီးကန်းတွေကို ဖမ်းချင်တဲ့ လယ်သမားတစ်ယောက်ဟာ ရွှေဥာဏ်တော်စူးရောက်စွာနဲ့ အရက်စိမ်ထားတဲ့ ပြောင်းဖူးတွေကို အိမ်ပြင်မှာချထားသတဲ့ ။ကျီးကန်းတွေက ပြောင်းဖူးစားပြီး မူးတော့တာပေါ့။ မူးတော့ မပျံနိုင်ဘဲ ဟိုယိမ်းဒီထိုးနဲ့ ဖြစ်နေချိန်မှာ လယ်သမားက တင်းပုတ်နဲ့ ထုပြီး သတ်စားပါသတဲ့။ မိုက်မဲတဲ့ ကျီးကန်းတွေ တောင်ပံမမနိုင်ဘဲ ထော့နဲ့ ထောနဲ့ ခုန်ဆွခုန်ဆွ ဖြစ်နေပုံကို ပြဖို့ သီချင်းဆိုတဲ့သူက သီချင်းတစ်ပိုဒ်ပြီးတိုင်း ခုန်ဆွခုန်ဆွလုပ်တယ်။ ဒီသီချင်းဟာ စစ်ပြီးခေတ်မှာ အနှစ်နှစ်ဆယ်ကျော်ကြာအောင် ဟုန်းဟုန်းတောက်နာမည်ကြီးခဲ့တယ်။ ဆိုတဲ့သူက မျက်နှာကို အမည်းရောင်သုတ်ပြီး စုတ်စုတ်ပြတ်ပြတ်ဝတ်ထားတဲ့ လူမည်း သူရင်းငှားတစ်ယောက်ပုံစံဖမ်းပြီး သီချင်းစာသားကိုလည်း ပညာမဲ့ လူမည်းတွေပြောတဲ့ မပီမသ သဒ္ဒါမမှန်တဲ့ အင်္ဂလိပ်စာနဲ ဆိုထားတာပါ ။အဲ..ဆက်ရရင် ရိုက်စ်ကိုမွေးတဲ့ အချိန်မှာ အဲဒီ ဥပဒေကြီး ရှိနေတယ်။ Jim Crow Law ရဲ့ အဓိကရည်ရွယ်ချက်က လူဖြူကြီးစိုးရေး ၊လူမည်းတွေကန့်သတ်ရေး၊ လူမည်တွေမဲပေးခွင့်မရရေးပါ။ Jim Crow Law ရဲ့ ကန့်သတ်ပုံကို ဥပမာပြောရရင် လူမည်းနဲ့လူဖြူမယူရ ၊ဆေးရုံမှာ လူမည်းတွေရှိတဲ့ အဆောင်တွေဆို လူဖြူ သူနာပြု မရှိစေရ ။ ပြည်သူပိုင် သောက်ရေစင်တွေမှာ လူဖြူနဲ့ လူမည်း သတ်သတ်ခွဲသောက်ဖို့ဆိုပြီး နှစ်နေရာခွဲထားတယ် ။ ကားမှတ်တိုင်တွေမှာ စောင့်ဖို့ နေရာကို လူဖြူသပ်သပ် လူမည်း သပ်သပ် ပေးထားတယ် ။စားသောက်ဆိုင်တွေဆိုလည်း ဒီအတိုင်းဘဲ ။

သပ်သပ်စီခွဲထားသော ရေစင်တွင် ရေသောက်နေသော လူမဲတစ်ဦး ။

လူဖြူတွေက ဆိုင်ထဲမှာ ကျကျနန စားရပြီး လူမည်းကို ကျတော့ ဆိုင်နဲ့ ခွဲထားပြီး Colored dining room လို့ကို ရေးထာတဲ့ ကားဂိုဒေါင်သာသာ နေရာကျဉ်းကျဉ်းမှာ စားစေတယ်။ ကားရထားပေါ်မှာလည်း သပ်သပ်စီ ထိုင်ရတယ် ။ ဘယ်လောက်များလူမဲမုန်းသလဲဆိုရင် တစ်ချို့ နေရာတွေမှာဆို ခွေးနဲ့ နီဂရိုး မ၀င်ရ လို့ကို ရေးထားတယ်။


လူမဲမုန်းတီးရေးဆိုင်းဘုတ်တစ်ခု
စားသောက်ဆိုင်တစ်ခုတွင် လူမဲများအတွက်သပ်သပ်ခွဲထားသော နေရာ

အဖြူနဲ့ အမည်း ကျောင်းအတူ မတက်ရဘူး ။လူဖြူနဲ့ လူမဲကြားမှာ စာအုပ်ဘာညာ ငှားတာမျိုးမလုပ်ရဘူး ။ လူဖြူကလေးက အတန်းကြီးသွားလို့ ဖတ်စာအုပ် အဟောင်းလေးတွေ ဟို လူမဲလေးးကို ပေးလိုက်ပါဦးမယ်လို့ မရှည်မိစေနဲ့ဆရာ ..မရဘူးဆိုမရဘူး ။ လူမည်းစာအုပ်လူမည်းပေးသုံး လူဖြူကစာအုပ် ပေးချင်ရင် လူဖြူကိုဘဲ ပေး။ ရုပ်ရှင် ပြဇာတ်တို့လည်းအတူမကြည့်ရဘူး ။ အများသုံး တယ်လီဖုန်းတွေဆိုလည်း သပ်သပ်စီ။ လူမဲ မုတ်ဆိတ်ရိတ်သမားဟာ လူဖြူကို ရိတ်ပေးလို့ မရဘူး။ သေတာတောင် လူဖြူ လူမဲ အတူမမြုပ်ရဘူး ။ အလုပ်အကိုင်ဆိုရင်လည်း လူဖြူကိုသာ ဦးစားပေးတယ် ။ လူလိုကြောင်း ကြေငြာတာကိုက White Only ဆိုတာမျိုး။


လူဖြူတွေသွားတဲ့ ပန်းခြံတို့ အပန်းဖြေနေရာတို့ကို လူမည်းတွေ မလာရဘူး။ အိမ်ခန်းတိုက်ခန်းငှားတာတောင် အဲဒီအဆောက်အဦးမှာ လူဖြူတစ်ယောက်လောက် ငှားနှင့် နေနှင့်ပြီးသား ဖြစ်နေတာနဲ့ လူမည်းကို မတင်ရတော့ဘူး။ အဲဒါ သဘောကောင်းတဲ့ လူဖြူက ငှားလိုက်ပါမယ်လေ လို့ သွားမလုပ်နဲ့ ။ လူဖြူပေမယ့်ဒီဥပဒေကို မလိုက်နာရင် အနည်းဆုံး ဒဏ်ငွေ နဲ့ ကံမကောင်းရင် ထောင်ကျဘဲ ။ကဲ...အဲလိုနေရာမှာ လူဖြစ်လာရတဲ့ ရိုက်စ်ရဲ့ဘ၀ကို လွယ်တယ်လို့တော့ဆိုလို့မရဘူး မဟုတ်လား။ ဒါကြောင့် ရိုက်စ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတဲ့အခါ ပြောတဲ့ မိန့်ခွန်းတစ်ခုမှာ

'' When America's founding fathers said '' we the people '' , they didn't mean me. ''

အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့တဲ့ခေါင်းဆောင်ကြီးတွေက '' တို့ပြည်သူတွေ'' လို့ ဆိုတဲ့စကားဟာ ကျမကိုတော့ မရည်မရွယ်ခဲ့ပါဘူး လို့ ပြောဖူးပါတယ် ။( ၀မ်းနည်းဒယ်..ဟင့်..ဒကယ်ပြောတာ )
မဲများအတွက်ကန့်သတ်ထားသောနေရာတွင် လူမဲတစ်ဦး ကားစောင့်စဉ်

သမီးကို အနှိမ်ခံမဖြစ်စေလိုတဲ့ ရိုက်စ်မိဖတွေဟာ ရိုက်စ်ကို အတတ်နိုင်ဆုံး အိမ်ပစ္စည်းတွေကို သုံးစေခဲ့တယ်။ လူဖြူလူမဲခွဲသုံးရတဲ့ အများသုံးနေရာက ပစ္စည်းတွေကို မသုံးစေခဲ့ဘူး။ တစ်ခါက ရိုက်စ်နဲ့ သူအမေဟာ အကျီင်္ဆိုင်တစ်ဆိုင်မှာ အင်္ကျီဝယ်တော့ ဆိုင်ကစာရေးမက ရိုက်စ်ကို လူမည်းတွေအတွက်ထားတဲ့ အစမ်းဝတ်ခန်းကို သွားခိုင်းတယ်။ ရိုက်စ်အမေဟာ ဆိုင်စာရေးမကို အတိုက်အခံပြောပြီးတော့ကို သမီးကို လူဖြူအတွက်ထားတဲ့ အခန်းကို သွားစေခဲ့တယ်။ ရိုက်စ်အဖေဟာ ရိုက်စ်ကို အိမ်ဖြူတော်ရှေ့ကို ခေါ်သွားပြီး '' သမီး ၊ အခုအချိန်မှာသမီးဟာ မိုးမျှော်တိုက်ပေါ်တက်ပြီး လူဖြူတွေနဲ့ ဟမ်ဘာဂါ အတူစားလို့ရချင်မှရမယ်။ ဒါပေမယ့် အမေရိကန်သမ္မတတော့ ဖြစ်လာနိုင်ပါတယ် '' လို့ ပြောဖူးတယ်။ ဒီစကားကို ရိုက်စ်နားလည်ထားလိုက်တာကတော့ သူဟာ သူများထက် နှစ်ဆပိုတော်နေမှ ဖြစ်မယ် ဆိုတာပါဘဲ။
ငယ်စဉ်က အိမ်ဖြူတော်ရှေ့မှာ

အသက် ၃ နှစ်မှာ ရိုက်စ်ဟာ စန္ဒရားတီးတာရယ် ၊ ဘဲလေးကတာရယ် ၊ ရေခဲပြင်ပေါ်မှ အလှပြ စကိတ်စီးတာရယ်၊ ပြင်သစ်စာရယ်ကို သင်ယူခဲ့တယ်။ အသက် ၅ နှစ်မှာ သူ့အမေနဲ့လိုက်ပြီး ဘုရားကျောင်းမှာ စန္ဒရားဝင်တီးနေပါပြီ။

သုံးနှစ်အရွယ် ဘဲလေးအက သင်နေတဲ့ရိုက်စ်

စန္ဒရားဆရာမဖြစ်တဲ့ သူ့အမေကြောင့်ငယ်ငယ်ကတည်းက ဂီတနဲ့အကျွမ်းဝင်ပြီး အခုအချိန်ထိ စန္ဒရားကို အမြတ်တနိုးတီးဆဲပါဘဲ။ ရိုက် ၁၀ နှစ်လောက်မှာ သူ့အမေကို '' စန္ဒရားမတီးချင်တော့ဘူး အမေရယ်'' လို့ ပြောဖူးသတဲ့။ ဒီတော့ သူ့အမေက '' သမီးက စန္ဒရားမတီးတော့ဘူး လို့ ပြောနိုင်ရလောက်အောင် စန္ဒရားကို ကျွမ်းကျင်နေပြီးလား ၊အဲဒီလို ပြောနိုင်လောက်အောင် အသက်အရွယ်ကို ရောက်ပြီးလား '' လို့ ပြောပြီး အတင်းဆက်သင်ခိုင်းပါတယ်။ ဒီလိုနဲ့ ဆက်သင်လိုက်တာ ခုဆို ကမ္ဘာကျော် ဂီတပညာရှင်တွေနဲ့တွဲပြီး ဖျော်ဖြေမှုတွေ များစွားလုပ်နိုင်ခဲ့တယ်။ အင်္ဂလန်ဘုရင်မကြီးရဲ့ နန်းတော်မှာတောင် တီးပြနိုင်ခဲ့တယ်။ ဒါနဲ့ ကွန်ဒိုလီဇာ ဆိုတဲ့နာမည်ကလည်း con dolcezza ဆိုတဲ့ အီတလီ ဂီတစကားတစ်ခုလာတာပါ ။ con ဆိုတာ အီတလီဘာသာမှာ နှင့် (with) လို့ အဓိပ္ပါယ်ရပြီး dolcezza ကတော့ ချိုသာနူညံ့ခြင်း( sweetness ) လို့ ဆိုလိုပါတယ်။
ကမ္ဘာ့အတော်ဆုံး တယောပညာရှင် ရိုရိုမ နှင့် ။

ဒီလိုနဲ့ ကွန်ဒိုလီဇာရိုက်စ်လေးဟာ အသက် ၁၅ နှစ်မှာ ဒန်ဗာ မြို့က တက္ကသိုလ်ကို ချောချောမောမောနဲ့ရောက်လာပါတော့တယ်။ ဒါပေမယ့် မကြာခင်မှာဘဲ သူ့အမေရဲ့ ကင်ဆာ သတင်းဆိုးကို ကြားရပါတော့တယ်။ ရိုက်စ် အမေဟာ နောက်ထပ် ၁၅ နှစ် အသက်ရှင်နေထိုင်သွားနိုင်ခဲ့ပေမယ့် ရိုက်စ်ဟာ အဲဒီအချိန်တွေမှာ နေ့တိုင်းနေ့တိုင်း သူ့အမေကို ပူပန်ပြီးနေခဲ့ရတယ်။ အစကတော့ ဒန်ဗာတက္ကသိုလ်မှာ ရိုက်စ်ဟာ ငယ်ငယ်ကတည်းက တစိုက်မတ်မတ်တီးခဲ့တဲ့ စန္ဒရားပညာနဲ့ ဘွဲ့ယူမလို့ဘဲ။ ဒါပေမယ့် တစ်နေ့မှာ ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ခုမှာ စန္ဒရားကို တဖက်ကမ်းခပ် တီးနေတဲ့ ၁၁ အရွယ်ကလေးတစ်ယောက်ဟာ ရိုက်စ်ရဲ့ အတွေးတွေကို ပြောင်းလဲပစ်စေခဲ့ပါတယ်။ အဲဒီကလေးဟာ စန္ဒရားပညာမှာ ရိုက်စ် တစ်နှစ်လုံး သင်ခဲ့ရတာကို တစ်ခါကြားရုံနဲ့ တီးပြနိုင်တာကိုတွေ့တော့ ရိုက်စ်ဟာ အတော်လေး လေသွားတယ်။ သူတော်တယ်ဆိုတာ ပါရမီရှိတဲ့သူနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါလားလို့ ပေါက်သွားသတဲ့။ဒီတော့ စန္ဒရားနဲ့ ဘ၀အသက်မွေးဝမ်းကြောင်းလုပ်ဖို့ အရေးကို စွန့်လွှတ်လိုက်ပါတော့တယ်။ တက္ကသိုလ်မေဂျာကို စန္ဒရားကနေ နိုင်ငံရေးသိပ္ပံ ပြောင်းတော့မယ်ဆိုတော့သူ့အမေနဲ့အဖေဟာ အတော်လေး စိတ်ဆင်းရဲသွားတယ်။ သူ့အဖေက '' သမီးရယ်၊ လူမဲတွေ နိုင်ငံရေးသိပ္ပံ ပညာနဲ့ဘယ်လောက်များ အလုပ်ဖြစ်မှာလဲ '' လို့တားစကားဆိုတော့ ရိုက်စ်က '' ဂီတနဲ့လည်း အလုပ်ဖြစ်မယ်မထင်ပါဘူး အဖေ '' လို့ပြန်ပြောပြီး မေဂျာကို ပြောင်းဖြစ်အောင်ပြောင်းလိုက်ပါတယ်။
ဒါလိုပြောင်းလိုက်တာဟာ နောက်ပိုင်းမှာ ရိုက်စ်တစ်ယောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖို့လမ်းစပါဘဲ။ နိုင်ငံရေးသိပ္ပံဘာသာမှာ ရိုက်စ်ရဲ့ ဆရာက ဂျူးလူမျိုး ဂျိုးဇက် ကော်ဘယ် Jorsef Korbel ပါဘဲ။ ဂျိုးဇက်ဟာ နာဇီတွေနဲ့ ကွန်မြူနစ်တွေရဲ့ရန်ကြောင့် ထွက်ပြေးလာရတဲ့ ချက် Czech နိုင်ငံသား သံတမန်ဟောင်းဖြစ်ပြီး အမေရိကန်မှာ နိုင်ငံရေးခိုလှုံနေသူပါ။ ဂျိုးဇက်ရဲ့သမီးက နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် မယ်ဒလင်အောဘရိုက် Madeleine Albright ပါဘဲ။ မြန်မာ့အရေးကို အမြဲတမ်း အားပေးကူညီခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရမ်းခင်မင်လေးစားသူဖြစ်ပါတယ်။ ဂျိုးဇက်တို့ ဂျူးမိသားစုတစ်ခုလုံးဟာ ရိုက်စ်နဲ့ အရမ်းခင်မင်ခဲ့ပြီး ဂျိုးဇက်ဟာ ရိုက်စ်ရဲ့ လမ်းပြသူ mentor တစ်ယောက်ဖြစ်လာခဲ့ပါတယ်။မယ်ဒလင်အောဘရိုက်နဲ့ ရိုက်စ်တို့နှစ်ယောက်ဟာ အတန်းထဲမှာ အတော်ဆုံးကျောင်းသားတွေ ဖြစ်ခဲ့ပါတယ်။ ( မယ်ဒလင်အောဘရိုက်ဟာ သူနိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင် တစ်နှစ်အလို ၁၉၉၅ မှာမြန်မာပြည်ကိုလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဖူးတယ် )

မြန်မာ့အရေးကို အမြဲအားပေးခဲ့သော မယ်ဒလင်အောဘရိုက် ၁၉၉၅ တွင် မြန်မာပြည်သို့လာစဉ်ဒေါ်စုနဲ့တွေ့

အသက် ၁၉ နှစ်မှာ ရိုက်စ်တစ်ယောက် ဂုဏ်ထူးတွေ တစ်သီကြီးနဲ့ ဘွဲ့ရပြီး Notre Dame တက္ကသိုလ်မှာ မာစတာဘွဲ့ကို တက်ပါတယ်။ သူဟာ အဲဒီကတည်းက ဆိုဗီယက်အရေးကျွမ်းကျင်သူဖြစ်ဖို့ လမ်းပေါ်ရောက်နေပါပြီ။( အဲဒီတုန်းက ရုရှားနိုင်ငံဟာ မပြိုကွဲသေးဘဲ ဆိုဗီယက်နိုင်ငံအဖြစ်နဲ့ ရှိနေတုန်းပါ )။ ရိုက်စ်ဟာ ရုရှားနဲ့ပတ်သက်သမျှကို အရူးအမူး စိတ်ဝင်စားသူဖြစ်တယ်။ သူစီးတဲ့ ကားကိုတောင် ရုရှားနိုင်ငံရေးသမားတစ်ယောက်ရဲ့ နာမည် Boris လို့ပေးထားပါတယ်။ မာစတာဘွဲ့ရအပြီးမှာ ဒန်ဗာတက္ကသိုလ်ကို ပြန်လာပြီး ပါရဂူဘွဲ့ကိုယူတယ်။ ဒီနောက် အသက် ၂၆ နှစ်မှာ နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ စတန်းဖို့ဒ် Standford မှာ လက်ထောက်ကထိက ဖြစ်လာပါတယ်။

ငယ်ရွယ်တဲ့ထက်မြက်တဲ့ရိုက်စ်တစ်ယောက် လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ အဲမှာ စတွေ့တာဘဲ။ Bush ရဲ့အဖေ Bush ကြီးနဲ့လေ။ ( သမ္မတ George W .Bush ဟာ အမေရိကန်ရဲ့ ၄၃ ယောက်မြောက် သမ္မတ ဖြစ်သလို သူ့ အဖေ George H.W Bush ကလည်း ၄၁ ယောက်မြောက် သမ္မတ ဖြစ်တယ်။ သားအဖ နှစ်ယောက်ရဲ့နာမည်များ မှည့်စရာရှားလို့နော်။ H ကလေးဘဲကွဲတယ်။ မျက်စိလည်စရာ )။ အဖေ Bush ကြီးလက်ထက်မှာ နိုင်ငံတော် လုံခြုံရေး အကြံပေးဖြစ်လာတာက Brent Scowcroft ဆိုသူပါ။ သူဟာ ၁၉၈၇ မှာ တက္ကသိုလ် ကွန်းဖရန့်စ် တစ်ခုမှာ ရိုက်စ်ကို မျက်စိကျသွားပါတယ်။ ဒီမဲမဲသဲသဲ ထက်ထက်မြက်မြက်နဲ့ ဆိုဗီယက်အကြောင်းကို ဖင်ပြန်ခေါင်းပြန်သိသူလေးဟာ ဘူလေးလဲပေါ့ ။ ဒီလိုနဲ့အဲဒီလူကြီးကောင်းမှုနဲ့ ရိုက်စ်တစ်ယောက် အဖေဘုရှ် ကြီးရဲ့ အစိုးရအဖွဲ့ထဲမှာ ဆိုဗီယက်ကျွမ်းကျင်သူရာထူးကို တန်းရသွားပါတယ်။ ဆိုဗီယက်နိုင်ငံကြီး ပြိုကွဲချိန်မှာ ဘုရှ်ကြီးဘေးကနေ အကြံပေးကူညီခဲ့တယ်။ အဲဒီကနေ ဖေဖေ ဘုရှ်ကြီးက ရိုက်စ်ကို သားသားဘုရှ်ကလေးနဲ့ မိတ်ဆက်ပေးပြီး သူ့သားကို ဆိုဗီယက်အကြောင်းကို သင်ပေးခိုင်းပါသတဲ့။ဒီလိုနဲ့ ရိုက်စ်တစ်ယောက် ဘုရှ်တို့မိသားစုရဲ့ အမြှောက်စားခံဘ၀ကိုရောက်လာပါတော့တယ်။ နောက်ပိုင်းမှာ သားဘုရှ် သမ္မတဖြစ်တော့ ရိုက်စ်အကြောင်းပြောတိုင်း ကျနော့်ကို ရှရှားနဲ့ပတ်သက်တာ အကုန်သင်ပေးခဲ့သူ လို့ အမြဲပြောလေ့ရှိပါသတဲ့ ။ဒီလိုနဲ့ ''တားတားရဲ့ ချာမ '' ရိုက်စ်လည်း တားတားရဲ့ သမ္မတ ပထမသက်တမ်းမှာ နိုင်ငံတော် လုံခြုံရေး အကြံပေး ဖြစ်လာပြီး ဒုတိယသက်တမ်းမှာတော့ အမေရိကန်နိုင်ငံရဲ့ ၆၆ ယောက်မြောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပါတော့တယ်။ ( မှတ်ချက်။ ၆၄ ယောက်မြောက်မှာ ရိုက်စ်၏ သူငယ်ချင်းလည်း ဖြစ် ရိုက်စ်ဆရာ၏ သမီးဖြစ်သူ မယ်ဒလင်အောဘရိုက် ၊ ၆၅ ယောက်မှာ ရိုက်စ်ကဲ့သို့ လူမဲဖြစ်သူ Colin Powell နဲ့ ယခု ဟီလာရီ ကလင်တန်ကတော့ ၆၇ ယောက်မြောက် ဖြစ်သည်။ ).

အမေရိကန်စစ်သည်တော်များနဲ့ ရိုက်စ် အီရတ်မှာ

credit

credit By Spring Flower(FB)



My Blog List

My Blog List

Contributors